ပင်လယ်နီတွင် အမေရိကန် စစ်သင်္ဘောတစ်စင်းက အမေရိကန်တိုက်လေယာဉ်တစ်စင်းကို မှားယွင်းပစ်ချခဲ့
ပင်လယ်နီတွင် အမေရိကန်စစ်သင်္ဘောတစ်စင်းက အမေရိကန်တိုက်လေယာဉ်တစ်စင်းကို ဒီဇင်ဘာ ၂၂ ရက်က မှားယွင်းပစ်ချခဲ့ မိကြောင်းအမေရိကန် စစ်တပ် က ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်သည် ယီမင်နိုင်ငံရှိ ဟူရ်သီသူပုန်များအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် အမေရိကန်၏တစ်နှစ်ကျော်ကြားစစ်ဆင်ရေးအတွင်း အမေရိကန်စစ်သားများကို ခြိမ်းခြောက်လာသည့် စိုးရိမ်ဖွယ် အကောင်းဆုံး ဖြစ်စဉ်တစ်ခုဖြစ်လာခဲ့သည်။
စစ်သင်္ဘော၏ပစ်ချမှုကြောင့် တိုက်လေယာဉ်အတွင်းရှိ လေယာဉ်မှူးနှစ်ဦးစလုံးသည် အရေးပေါ်ထိုင်ခုံဖြင့် ခုန်ထွက်နိုင်ခဲ့ပြီး လေယာဉ်မှူးတစ်ဦးမှာ အနည်းငယ် ဒဏ်ရာရရှိသွားခဲ့သည်။
သို့သော် ထိုပစ်ခတ်မှုသည် ပင်လယ်နီ၏ ရေလမ်းကြောင်းများသည် မည်မျှအန္တရာယ်များသည်ဆိုခြင်းကို ပြသရာရောက်ခဲ့သည်။
အီရန်က ကျောထောက်နောက်ခံပြု ပေးထားသည့် ဟူရ်သီသူပုန်များသည် အမေရိကန်နှင့် ဥရောပ စစ်ဘက်ညွန့်ပေါင်းအဖွဲ့ များ၏ ကင်းလှည့်မှုများပြုလုပ်နေသည့် ကြားက ပင်လယ်နီအတွင်း သွားလာနေသည့် သင်္ဘော များကို တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။
ဒီဇင်ဘာ ၂၂ ရက်က ဖြစ်စဉ်တွင် အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောဖြစ်သည့် USS Harry S. Truman သင်္ဘောပေါ်မှ ပျံသန်းထွက်ခွာလာသည့် F/A – 18 တိုက် လေယာဉ်ပစ်ချခဲ့ခဲ့ရခြင်းဖြစ်သည်ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ်က ပြောကြားခဲ့သည်။
USS Harry S. Truman လေယာဉ် တင်သင်္ဘောသည် အရှေ့အလယ်ပိုင်းဒေသသို့ ဝင်ရောက်လာသည့်အကြောင်းကို အမေရိကန်ဗဟိုစစ်ဌာနချုပ်က ဒီဇင်ဘာ ၁၅ ရက် က အတည်ပြုခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုလေယာဉ်တင်သင်္ဘော၏ အသေးစိတ်အချက်အလက်နှင့်ပင်လယ်နီရှိ ထိုလေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးစစ် သင်္ဘောအုပ်စု၏ အကြောင်း ကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
တိုက်လေယာဉ်ကို ပစ်ချခဲ့သည့်စစ်သင်္ဘောသည် USS Harry S. Truman ဦးဆောင်သည့် တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုမှ ပဲ့ထိန်းစနစ်တပ်ဆင်ထား သည့် USS getty burg ကရူဇာစစ်သင်္ဘောဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။
အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဗာဂျီးနီးယား ပြည်နယ် Naval Air Station Oceana လေတပ်စခန်းမှ တိုက်လေယာဉ် အုပ်စု-၁၁ ၏ Red rippers လေယာဉ် အုပ်စုအတွက် တာဝန်ပေးထားသည့် F/A -18 တိုက်လေယာဉ် ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။
USS getty burg စစ်သင်္ဘောသည် F/A -18 တိုက်လေယာဉ်ကို ရန်သူ့လေယာဉ် သို့မဟုတ် ဒုံးကျည်တစ်စင်းနှင့် မှားယွင်းခဲ့ခြင်းဟုတ်၊ မဟုတ် ရှင်းလင်းစွာမသိရ သေးပေ။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။
ယခင်ကမူ အမေရိကန်စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များသည် ဟူရ်သီသူပုန်များပစ်လွှတ်သည့် ဒရုန်းများနှင့်ဒုံးကျည်များကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ကိုးကား - AP
Photo- Popular Myanmar