ဘယ်လ်ဂျီယံ တော်ဝင်မင်းသမီး ဟားဗတ်တက္ကသိုလ်တွင် ပညာ သင်ကြားရန် ပြန်လာမည်
ဘယ်လ်ဂျီယံထီးနန်းဆက်ခံမည့် တော်ဝင်မင်းသမီး Elisabeth သည် ဟားဗတ်တက္ကသိုလ်သို့ ပြန်လည်တက်ရောက် သင်ကြားခွင့် ရရှိမည် ဖြစ်သည်။ ထိုသို့ပြန်လာနိုင်ခြင်းမှာ နိုင်ငံခြားသားကျောင်းသားများအား စာရင်းသွင်းခွင့်ပြုရန် Mr. Trump ၏ တားမြစ်ချက်ကို တရားရုံးမှ ပယ်ချ ခဲ့သောကြောင့် ဖြစ်သည်။
ဘယ်လ်ဂျီယံ တော်ဝင်မိသားစု၏ ဆက်သွယ်ရေးဒါရိုက်တာ Xavier Baert က ဩဂုတ်လ ၁၉ ရက်နေ့တွင် "အချိန်အခါအားဖြင့် မင်းသမီး သည် ဟားဗတ်တွင် ပညာဆက်လက်သင်ယူရန် လိုအပ်သော အခြေအနေများ အားလုံးပြည့်စုံနေပြီဟု အတည်ပြုပြောဆိုနိုင်ပါသည်" ဟု ပြောကြား ခဲ့သည်။
မေလအတွင်းက ထရမ့်အစိုးရအဖွဲ့မှ ဟားဗတ်တက္ကသိုလ်အား နိုင်ငံခြား သားကျောင်းသားများကို ကျောင်းဝင်ခွင့်နှင့် ပညာသင်ကြားခွင့်များ တားမြစ်ကြောင်း ကြေညာခဲ့စဉ်က ဘယ်လ်ဂျီယံ တော်ဝင်မိသားစုသည် မင်းသမီး Elisabeth အနေဖြင့် ထိုတက္ကသိုလ်တွင် ဆက်လက် ပညာ သင်ယူခွင့် မရတော့မည်ကို စိုးရိမ်ခဲ့ကြသည်။
ထရမ့်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ ဟားဗတ်အပါအဝင် အမေရိကန် နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များကို ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်စေရန် ရည်ရွယ်၍ အဆိုပါတားမြစ်ချက်ကို ချမှတ်ခြင်းဖြစ်ကြောင်း၊ ထိုတက္ကသိုလ် များတွင် အစွန်းရောက် လက်ဝဲယိမ်းလှုပ်ရှားမှုများရှိနေပြီး ဂျူးဆန့်ကျင်ရေး ဝါဒီများအဖြစ် စွပ်စွဲခံထားရသည်ဟု ဆိုသည်။ ဟားဗတ်တက္ကသိုလ်က အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားပြီး ပိတ်ပင်မှုကို တရားရုံးတွင် ရင်ဆိုင် လျက်ရှိသည်။
အမေရိကန်ဖက်ဒရယ်တရားသူကြီး Allison Burroughs က ဇွန်လ ၂၀ ရက်နေ့တွင် နိုင်ငံတကာကျောင်းသားများအနေဖြင့် ဟားဗတ်တက္ကသိုလ် တွင် ဆက်လက်ပညာသင်ယူနိုင်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ ထရမ့်အစိုးရအဖွဲ့နှင့် ဆက်တိုက်ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီးတွင် အဆိုပါဆုံးဖြတ်ချက်သည် တက္ကသိုလ်အတွက် အရေးပါသော အောင်ပွဲ တစ်ခုဟု သတ်မှတ်ခံခဲ့ရသည်။
ထရမ့်အစိုးရအဖွဲ့က တရားသူကြီး Burroughs ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်မည်ဟု ကြေညာထားသော်လည်း အမေရိကန် ပြည်ထောင်စု တွင် ပညာသင်နှစ်သစ်သည် စက်တင်ဘာလ ၂ ရက်နေ့မှ စတင်မည်ဖြစ်သဖြင့် ထရမ့်၏ နိုင်ငံခြားသားကျောင်းသားများအား တားမြစ်ချက်ကို ပယ်ချသော တရားသူကြီး၏ ဆုံးဖြတ်ချက်သည် အာဏာတည်နေဆဲ ဖြစ်ရာ မင်းသမီး Elisabeth ကဲ့သို့သောသူများသည် အမေရိကန် ပြည်ထောင်စု သို့ဝင်ရောက်၍ ပညာဆက်လက်သင်ယူခွင့်ရှိကြောင်း ဆိုသည်။
ဘယ်လ်ဂျီယံနိုင်ငံ၏ ဘုရင်မဖြစ်လာမည့် အသက် ၂၃ နှစ်အရွယ် မင်းသမီး Elisabeth သည် ဟားဗတ်တက္ကသိုလ်ရှိ ပြည်သူ့နိုင်ငံရေးမူဝါဒဆိုင်ရာ မဟာဘွဲ့သင်တန်း ဒုတိယနှစ်ကို စတင်တက်ရောက်မည်ဖြစ်သည်။ အဆိုပါသင်တန်းသည် ကျောင်းသားများ၏ ရည်မှန်းချက်ကို ကျယ်ပြန့် စေပြီး ပြည်သူ့ဝန်ဆောင်မှုတွင် အောင်မြင်သော အသက်မွေးဝမ်းကျောင်းမှုအတွက် ကျွမ်းကျင်မှုများ တိုးတက်စေသည်ဟု တက္ကသိုလ်က ဖော်ပြ ထားသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂