ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်မည့်အစီအစဉ် အကောင်အထည်ဖော်မည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီတန်ဖိုး သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားဖွယ်ရှိ
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့အပေါ် အခွန်စည်းကြပ်မည့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)သည် သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားဖွယ်ရှိကြောင်း ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO) က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတင် သမ္မတရာထူး စတင်ထမ်းဆောင်သည့် အချိန်တွင် အဆိုပါနိုင်ငံများအနေဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများနှင့် မူးယစ်ဆေးဝါးများကို အမေရိကန်သို့ တင်ပို့ခြင်းအား ရပ်တန့်ခြင်းမပြုပါက မက္ကဆီကိုနှင့် ကနေဒါတို့မှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။
တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ၁၀ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ရန် စီစဉ်ထားကြောင်းလည်း ၎င်းက ပြောကြားသည်။
မော်တော်ကား၊ အစားအသောက် ပြုပြင်ထုတ်လုပ်ရေး၊ အီလက်ထရွန်နစ် နှင့် လျှပ်စစ်စက်မှုလုပ်ငန်းတို့မှ ကုန်ပစ္စည်းများ တင်ပို့မှုအပေါ် ထိခိုက်စေသည့် အတွက် မက္ကဆီကို နိုင်ငံ၏ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးသည် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ကနေဒါနိုင်ငံသည် ၁ ဒသမ ၂ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသည် သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားနိုင်ကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့၏ ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ အင်စတီကျုမှ လက်ထောက် သုတေသီတစ်ဦးဖြစ်သူ အီဆိုနိုအီကူမိုက ခန့်မှန်းပြောကြားသည်။
အမေရိကန်နိုင်ငံသို့ ဂျပန်နိုင်ငံ၏ မော်တော်ကားနှင့် ပတ်သက်သော ပို့ကုန်များ တိုးလာဖွယ်ရှိသည့် အတွက် ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည် သုည ဒသမ ၂ ရာခိုင်နှုန်းတိုးလာနိုင်ကြောင်း ၎င်းက ခန့်မှန်း ပြောကြားသည်။
ထရမ့်၏ အခွန်စည်းကြပ်မှုသည် ကနေဒါနှင့် မက္ကဆီကို နိုင်ငံတို့၌ လည်ပတ်နေသော ဂျပန်ကုမ္ပဏီများအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း အီဆိုနို အီကူမိုက မှတ်ချက်ပြုပြောကြားသည်။
ကိုးကား -၂၆-၁၂-၂၀၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ