ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လက်နက်ကိုင် ပုန်ကန်မှုများအတွက် ပြစ်ဒဏ်များကို ပိုမိုတင်းကြပ်စေရန် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုး

News Image

  • ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လက်နက်ကိုင် ပုန်ကန်မှုများအတွက် ပြစ်ဒဏ်များကို ပိုမိုတင်းကြပ်စေရန် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုး

ရုရှားနိုင်ငံတွင် လက်နက်ကိုင်ပုန်ကန်မှုအတွက် ပြစ်ဒဏ်သည်ပိုမိုတင်းကျပ်ခဲ့ပြီး ထိုကဲ့သို့သော လုပ်ရပ် အတွက် အနိမ့်ဆုံး ထောင်ဒဏ် ၁၅ နှစ်မှ ၂၀ နှစ် အထိ ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။ ထိုဥပဒေကို ရုရှားသမ္မတ ဗလာဒီမာပူတင်ကလက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ စာရွက်စာတမ်းများကိုတရားဝင် ဥပဒေဆိုင်ရာ သတင်းအချက်အလက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထား ပါသည်။

ယခင်က လက်နက်ကိုင်ပုန်ကန်မှုများအတွက် စည်းရုံးရန် (သို့မဟုတ်) တက်ကြွစွာပါဝင်ရန် လုပ်ဆောင်မှုအတွက် အနိမ့်ဆုံးပြစ်ဒဏ်ကို ထောင်ဒဏ် ၁၂ နှစ်မှ ၂၀ နှစ်အထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားပါသည်။

ယခုအခါတွင် အဆိုပါ ဥပဒေအရထောင်ဒဏ် ၁၅ နှစ်မှ ၂၀နှစ်အထိကျခံရမည်ဖြစ်ပြီး၊ ပုန်ကန်မှုသည် လူတစ်ဦး သေဆုံးခြင်း (သို့မဟုတ်) အခြားသောဆိုးဝါးသော အကျိုးဆက်များဖြစ်ပေါ်စေခဲ့လျှင်၊ ပြစ်ဒဏ်မှာ ထောင်ဒဏ်၁၅ နှစ်မှ ၂၀ နှစ်အထိကျခံရမည်ဖြစ်သည့်အပြင် ဒဏ်ငွေ ရူဘယ် ၅၀၀,၀၀၀ မှ ၁ သန်းအထိ ပေးဆောင် ရမည် ဖြစ်ပြီး (သို့မဟုတ်) ထောင်ဒဏ် တစ်သက်တစ်ကျွန်း အထိကျခံရမည်ဖြစ်ပါသည်။

အဆိုပါ ဥပဒေအရ လက်နက်ကိုင်ပုန်ကန်မှုတွင်ပါဝင် သူတစ်ဦးသည် အစိုးရအာဏာပိုင်များကို မိမိဆန္ဒ အလျောက် အဆိုပါ လုပ်ရပ်ကို ချက်ချင်းအသိပေးခြင်း (သို့မဟုတ်) အခြားနည်းဖြင့် "ရုရှားပြည်ထောင်စု၏ အကျိုးစီးပွားကိုထပ်မံထိခိုက်စေခြင်းမှ ကာကွယ်ရန်" ပါဝင်ကူညီခဲ့လျှင် ရာဇဝတ်မှုဆိုင်ရာပြစ်မှုမှ လွတ်မြောက် နိုင်မည်ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ကို တားမြစ်ခြင်း

အဆိုပါဥပဒေသည် အကြမ်းဖက်မှုနှင့် လက်နက်ကိုင် ပုန်ကန်မှု ပြစ်ဒဏ်ချမှတ်ခံရသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့်ဆိုင်သည့် အခြားစည်းမျဉ်း များစွာကိုလည်း တင်းကြပ်ထားပါသည်။

ထို့ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအတွက် ပြစ်ဒဏ်ချမှတ်ခံရသူများ၊ အကြမ်းဖက်လှုပ်ရှားမှုများတွင် ကူညီပေးခြင်း၊ အဆိုပါရည်ရွယ်ချက်များအတွက် လေ့ကျင့်သင်ကြားခြင်း သို့မဟုတ် အကြမ်းဖက် အဖွဲ့အစည်းကို စည်းရုံးခြင်းနှင့် ၎င်းတွင်ပါဝင်ခြင်း အတွက် ပြစ်ဒဏ်ကျခံရသူများသည် လွတ်ငြိမ်းချမ်းသာ ခွင့်အတွက် ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်းသိရှိရပါသည်။ လက်နက်ကိုင်ပုန်ကန်မှု သို့မဟုတ် နိုင်ငံတကာ အကြမ်းဖက်မှုလုပ်ရပ်ဖြင့် ပြစ်ဒဏ်ချမှတ် ခံရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးနိုင်မည် မဟုတ်ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားသားများအတွက် ပြစ်ဒဏ်သတ်မှတ်ခြင်း

ထို့ပြင် ရုရှားပြည်ထောင်စု၏ ရာဇဝတ်မှုဆိုင်ရာ ဥပဒေတွင် အပိုဒ်ခွဲသစ်တစ်ခုထည့်သွင်းထားပါသည်။ ရုရှားနိုင်ငံ၏လုံခြုံရေးကိုရည်ရွယ်ချက်ရှိရှိ ဆန့်ကျင် သည့်လှုပ်ရှားမှုများတွင် ရန်သူအားငွေကြေး ထောက်ပံ့ ပေးခြင်း၊ အကြံပေးခြင်း သို့မဟုတ် အခြားအကူအညီ များပေးနေသော နိုင်ငံခြားသားများ (သို့မဟုတ်) နိုင်ငံသားမဲ့များကို ပြစ်ဒဏ်ချမှတ်နိုင်သည်။ ဤဥပဒေ အရ အဆိုပါ နိုင်ငံခြားသားများသည် ထောင်ဒဏ် ၁၀ နှစ်မှ ၁၅ နှစ်အထိကျခံရမည်ဖြစ်ပြီးဒဏ်ငွေ ရူဘယ် ၅၀၀,၀၀၀ အထိ ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ပါသည်။

ရန်သူဘက်သို့ပြောင်းသွားခြင်း

နိုင်ငံတော်သစ္စာဖောက်မှုနှင့် ပတ်သက်သောအပိုဒ်ခွဲကို လည်းပြင်ဆင်ထားကြောင်း သိရှိရပါသည်။ သစ္စာဖောက်မှုဆိုသည်မှာ ရုရှားပြည်ထောင်စုကို ဆန့်ကျင်သော နိုင်ငံများ (သို့မဟုတ်) နိုင်ငံတကာအဖွဲ့အစည်းများ၏ တပ်ဖွဲ့များ၏ အစိတ်အပိုင်းအဖြစ် လက်နက်ကိုင် ပဋိပက္ခ (သို့မဟုတ်) စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်း ဖြစ်ပါသည်။ ရန်ဘက်ဘက်သို့ပြောင်းသွားခြင်း ဆိုသည် မှာ ရုရှားပြည်ထောင်စု၏ လုံခြုံရေးကို တမင်တကာ ဆန့်ကျင်သောအာဏာပိုင်များ၊ အဖွဲ့အစည်းများ၊စီးပွားရေးလုပ်ငန်းများ၊ ရန်သူ့အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများတွင် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်မှုများ ပါဝင်ပါသည်။ ထိုကဲ့သို့သောပြစ်မှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ကျခံ ရနိုင်ပါသည်။

ကိုးကား - TASS