အမေရိကန်၏လုပ်ဆောင်မှုကြောင့် နျူကလီးယား ထိပ်ဖူးများ တပ်ဆင်နိုင်သည့် ဒုံးကျည်များ ဖြန့်ကြက်မှု ဆိုင်းငံ့ထားခြင်းအား စွန့်လွှတ်မည်ဟု ရုရှားပြော

News Image

  • အမေရိကန်၏လုပ်ဆောင်မှုကြောင့် နျူကလီးယား ထိပ်ဖူးများ တပ်ဆင်နိုင်သည့် ဒုံးကျည်များ ဖြန့်ကြက်မှု ဆိုင်းငံ့ထားခြင်းအား စွန့်လွှတ်မည်ဟု ရုရှားပြော

အမေရိကန်ပြည်ထောင်စုသည်  နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်သည့် တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များကို ကမ္ဘာအနှံ့ရှိဒေသများတွင်  ဖြန့်ကြက်နေခြင်းကြောင့်   ရုရှားနိုင်ငံအနေဖြင့် အဆိုပါ ဒုံးကျည်များ   ဖြန့်ကြက်မှု ဆိုင်းငံ့ထားခြင်းအား စွန့်လွှတ်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဒီဇင်ဘာလ ၂၉ ရက်တွင်ပြောသည်။

အမေရိကန်နှင့်    ရုရှားနိုင်ငံတို့ကြား နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်သည့် တာလတ်ပစ်နှင့်   တာတိုပစ်ဒုံးကျည်များ ဖြန့်ကြက်မှု ဆိုင်းငံ့ထားခြင်းသည် လက်တွေ့တွင် အကျိုးရှိမည့် အလားအလာမရှိသောကြောင့် ရုရှားနိုင်ငံအနေဖြင့် ထိုသို့ဆိုင်းငံ့ထားခြင်းကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် ရုရှားနှင့် တရုတ်တို့၏ သတိပေးချက်ကို မောက်မာစွာ လျစ်လျူရှု၍ နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်သည့် တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များကို ဒေသအများအပြား၌ ဖြန့်ကြက်ရန် လုပ်ဆောင်နေကြောင်း  လက်ရော့က ဆက်ပြောသည်။

ရုရှားနှင့် အမေရိကန်တို့ကြား ဆက်ဆံရေးသည် စစ်အေးကာလပြီးဆုံးပြီး နောက်ပိုင်းချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးသည် အချိန်မရွေး   အဆိုးဆုံး အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း နှစ်နိုင်ငံစလုံးက ဝန်ခံပြောကြားထားသည်။ သို့သော် ရုရှားနိုင်ငံအနေဖြင့် လက်ရှိတွင် နှစ်နိုင်ငံကြားချမှတ်ထားသည့် လက်နက်ထိန်းချုပ်ရေးသဘောတူညီချက်သစ်မှ   နုတ်ထွက်ရန် အမေရိကန်အစိုးရနှင့်  ဆွေးနွေးထားခြင်းမရှိသေးကြောင်းသိရသည်။

အမေရိကန်နှင့်ရုရှားတို့ကြား နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်သည့် တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များဖြန့်ကြက်မှု ထိန်းချုပ်ရေးဘောတူညီချက်ကို ယခင်ဆိုဗီယက်ခေါင်းဆောင် မီခေးဂေါ်ဘာချော့နှင့် အမေရိကန်သမ္မတ ရော်နယ်ရေဂင်တို့က ၁၉၈၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

သို့သော် ရုရှားနိုင်ငံသည် သဘောတူညီချက်ပါ ကန့်သတ်ချက်များကို ချိုးဖောက်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲပြီး အဆိုပါသဘောတူညီချက်မှ ၂၀၁၉ ခုနှစ်တွင်  နုတ်ထွက်ခဲ့ဖူးကြောင်း သိရသည်။ 

Source: Myawady Web Portal