တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံအကြား ဆက်သွယ်ပေးမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အသစ်တစ်ခုကို စတင် တည်ဆောက်နေ
ရုရှားနိုင်ငံသည် ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ် နိုင်ငံသို့ ဆက်သွယ်ပေးမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အသစ်တစ်ခုကို စတင်တည်ဆောက်နေပြီ ဖြစ်ပြီး နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ(၄၅)ဘီလီယံထိ ပေးပို့ရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး အဲလက်ဇန်းဒါးနိုဗက်က ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် အဆိုပါသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ကုဗမီတာ (၃၅) ဘီလီယံ ရရှိလိမ့်မည်ဖြစ်ပြီး ကျန်ရှိနေသည့် သဘာဝဓာတ်ငွေ့များကို ကာဇက်စတန်နိုင်ငံက ရရှိ မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြား နှစ်နိုင်ငံစွမ်းအင်ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးမှုများအတွင်း စီမံကိန်း၏ မဟာဗျူဟာ မြောက်အရေးပါမှုကို အဲလက်ဇန်းဒါးနိုဗက်က ရှင်းလင်း ပြောကြားခဲ့သည်။
သဘောတူညီချက်၏တစ်စိတ်တစ်ပိုင်းအဖြစ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအသစ်၏ အခြေခံအဆောက်အအုံ တစ်စိတ်တစ်ပိုင်းကို လက်ခံမည့် ကာဇက်စတန် နိုင်ငံ သည် နှစ်စဉ်သဘာဝဓာတ်ငွေ့ ကုဗမီတာ (၁၀) ဘီလီယံ ရရှိမည် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါစီမံကိန်းတွင် ကာဇက်စတန်နိုင်ငံ၏ စိတ်ဝင်စား မှုများကို ကာဇက်စတန်စွမ်းအင်ဝန်ကြီး Almasadam Satkaliyev က အတည်ပြုခဲ့ပြီး နိုင်ငံ၏စွမ်းအင် ထောက်ပံ့မှုအတွက် အကျိုးအမြတ်များကို အလေးပေး ပြောကြားခဲ့ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ရုရှားအပေါ် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများမှာ ဆက်တိုက် တိုးလာလျက်ရှိကြောင်း သိရသည်။
ကိုးကား-NP News