ရုရှားနိုင်ငံမှ ရောင်းချလျက်ရှိသော ဓာတ်ငွေ့ မရတော့ မည်ကို EU နိုင်ငံများ စိုးရိမ်နေ
ယူကရိန်းနိုင်ငံကိုဖြတ်ကျော်ကာ ရုရှားနိုင်ငံမှ ဓာတ်ငွေ့ အား ပိုက်လိုင်းများနှင့် ဥရောပနိုင်ငံများဆီသို့ ရောင်းချ နေသော ဖြတ်သန်းသွားလာရေး သဘောတူညီချက် သည် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သဖြင့် ရုရှားသဘာဝဓာတ်ငွေ့ ဆက်လက်စီးဆင်းမှု သေချာစေရန် ဥရောပအလယ်ပိုင်းနှင့် တောင်ပိုင်းရှိ နိုင်ငံများသည် အဖြေများကို ရှာဖွေနေကြကြောင်း Bloomberg သတင်းဌာနကဖော်ပြထားသည်။
ရုရှားအစိုးရနှင့်မဖြေရှင်းနိုင်သေးသော တင်းမာမှုများ နှင့် အငြင်းပွားမှုများကြောင့် ယူကရိန်းအစိုးရက သဘောတူညီချက်ကို သက်တမ်းတိုးရန် ငြင်းဆို ထားသည်။ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ သြစတြီးယား နှင့် အီတလီတို့သည် ၎င်းတို့၏ ဓာတ်ငွေ့ရရှိရေးအတွက် အစားထိုးနည်းဗျူဟာများကို ရှာဖွေနေကြသည်။
ထည့်သွင်းစဉ်းစားထားသော ရွေးချယ်စရာများထဲတွင် ယူကရိန်းနှင့် ရုရှားတို့အကြား အစိုးရချင်း သဘော တူညီချက်အား သက်တမ်းတိုးရန်လိုအပ်မှုအား ကျော်လွှား နိုင်သည့် ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက် တစ်ခုဖြစ်ပါသည်။ ယင်းတွင် ယူကရိန်း၏ ကန့်ကွက်မှု များရှိနေသော်လည်း ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom နှင့် တိုက်ရိုက်စာချုပ်ချုပ်ရန် စလိုဗက်ကီးယားနှင့် အခြားဗဟိုဥရောပနိုင်ငံများက ပါဝင်ဆွေးနွေးလျက် ရှိပါသည်။
ဆလိုဗက်ကီးယားနိုင်ငံပိုင် ဓာတ်ငွေ့ကုမ္ပဏီ AS (SPP) သည် အဇာဘိုင်ဂျန်နိုင်ငံပိုင် ရေနံကုမ္ပဏီ SOCAR နှင့် လည်းဆွေးနွေးနေသည်။ အဇာဘိုင်ဂျန်သည် ဓာတ်ငွေ့ တင်ပို့မှုတွင် ရုရှားဓာတ်ငွေ့အပေါ် မှီခိုမှုလျှော့ချရန်ဒီဇိုင်းထုတ်ထားသည့် Southern Gas Corridor မှတစ်ဆင့် အီးယူနိုင်ငံအများအပြားသို့ တင်ပို့နိုင်ရေးကို လိုလားလျက်ရှိသည်။
ဟန်ဂေရီ၀န်ကြီးချုပ် ဗစ်တာအိုဘန်က ရုရှား ဓာတ်ငွေ့ ရောင်းချမှု တည်နေရာကို ရုရှားနှင့်ယူကရိန်းကြား နယ်စပ်သို့ ပြောင်းရွှေ့ရန်အဆိုပြုထားပါသည်။ ဟန်ဂေရီ၊စလိုဗက်ကီးယား၊ တူရကီနှင့် အဇာဘိုင်ဂျန် တို့ပါဝင်သော အဆိုပြုချက်အမျိုးမျိုးကို ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့် သီတင်းပတ် တွင် ပြောကြားခဲ့သည်။ သို့သော် Gazprom ၏ နှစ်ရှည် စာချုပ်များကြောင့် ထိုကဲ့သို့သော အစီအစဉ်များကို ပြဋ္ဌာန်းရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ယူကရိန်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးခြင်းကြောင့် အခြားနည်းလမ်းများဖြင့် ဓာတ်ငွေ့တင်ပို့ရပါကလည်း ဈေးတက်မည်မဟုတ်ကြောင်း နှင့် အီးယူနိုင်ငံများသို့ ဓာတ်ငွေ့ပေးပို့ရန်အတွက် အမြဲ အသင့်ရှိနေကြောင်း ပူတင်က ပြောကြားခဲ့ကြောင်း သိရှိ ရသည်။
ကိုးကား - RT