ပြည်သူများ၏ သုံးစွဲမှုကို တိုးမြှင့်နိုင်ရန် အစိုးရဝန်ထမ်းများ၏ လစာကို တရုတ်တိုးမြှင့်
တရုတ်အစိုးရသည် ပြည်သူများ၏ သုံးစွဲမှုကို တိုးမြှင့်နိုင်ရန်အတွက် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရဝန်ထမ်းများ၏ လုပ်ခလစာကို တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အစိုးရဌာနအများအပြားတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ အခြေခံလစာအဖြစ် တစ်လလျှင် အနည်းဆုံး ယွမ် ၅၀၀ သတ်မှတ်ပေးခဲ့ကြောင်း အစိုးရနှင့်နီးစပ်သူများက ပြောသည်။ အစိုးရ၏ လစာတိုးမြှင့်ပေးမှုသည် ဝန်ထမ်းများ၏ အခြေခံလစာအပေါ်မူတည်၍ ရာခိုင်နှုန်းအားဖြင့် ကွာခြားလျက်ရှိပြီး အချို့ဝန်ထမ်းများ၏ လစာမှာ အကြမ်းဖျင်းအားဖြင့် ၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။
တရုတ်အစိုးရသည် အစိုးရဝန်ထမ်းများအတွက် နောက်ဆုံးအကြိမ် လစာတိုးမြှင့်မှုကို ၂၀၁၅ ခုနှစ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းကာလတွင် နိုင်ငံအတွင်းရှိ အစိုးရဝန်ထမ်း သန်း ၄၀ ခန့်သည် တစ်လလျှင် ပျမ်းမျှအားဖြင့် ယွမ် ၃၀၀ ခန့်သာ ရရှိခဲ့ကြောင်း သိရသည်။
ရှီကျင့်ဖျင်ဦးဆောင်သည့် တရုတ်အစိုးရသည် လာမည့် ၂၀၂၅ ခုနှစ်တွင် ပြည်သူများ၏ ငွေကြေးသုံးစွဲမှုကို တိုးမြှင့်၍ နှေးကွေးနေသည့် နိုင်ငံ့စီးပွားရေး တိုးတက်မှုကို ပိုမိုအားကောင်းလာစေရန် ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကလေးသူငယ်အရေအတွက် များပြားသည့် မိသားစုများအတွက် နေအိမ်နှင့် ထောက်ပံ့ကြေးပေးအပ်ခြင်းကို တိုးမြှင့်မည်ဟု ရှန်ဟိုင်းမြို့တော်အစိုးရက ဒီဇင်ဘာလ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal