လာ့စ်ဗီးဂတ်စ် ပေါက်ကွဲမှုနှင့် နယူးအော်လန် တိုက်ခိုက်မှုများသည် အကြမ်းဖက်မှုနှင့် ဆက်စပ်နေသည်ဟု အီလွန်မက်စ်ဆို
လာ့စ်ဗီးဂတ်စ်မြို့ရှိ ထရမ့်အမည်ရှိနိုင်ငံတကာဟိုတယ်အပြင်ဘက်တွင် တက်စလာလျှပ်စစ်ကား ပေါက်ကွဲမှုသည် အကြမ်းဖက်ဝါဒ၏ လုပ်ရပ်ဖြစ်ဖွယ်ရှိကြောင်း အီလွန်မက်စ်က ပြောကြားခဲ့ပါသည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် လျှပ်စစ်ကား မောင်းနှင်သူတစ်ဦး သေဆုံးပြီး အနည်းဆုံး လူခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဖြစ်ရပ်သည် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရသည့် နယူးအော်လန်တွင် ဖြစ်ပွားခဲ့သော လူအုပ်စုအား ကားဖြင့်ဝင်တိုက်မှုနှင့် သေနတ်ပစ်ဖောက်မှုတို့နှင့် ဆက်စပ်မှုရှိနိုင်ကြောင်း တက်စလာ စီအီးအိုက စွပ်စွဲ ခဲ့ပါသည်။တိုက်ခိုက်မှုတွင် အသုံးပြုသည့်ကားကို “အသေခံဗုံး” ဟု ရည်ညွှန်းခဲ့ပါသည်။
အကြမ်းဖက်မှုတစ်ခုဟု ရှုမြင်ကြောင်း၊ နယူးအော်လန်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် လျှပ်စစ်ကား ဖောက်ခွဲတိုက်ခိုက်မှုများတွင် တူရိုကား အငှား ကုမ္ပဏီထံမှကားများကို ငှားရမ်းခဲ့ခြင်းဖြစ်ပြီး တစ်နည်းနည်းဖြင့် ချိတ်ဆက်နေခြင်းဖြစ်နိုင်ကြောင်း အီလွန်မက်စ်က ဆိုပါသည်။
လျှပ်စစ်ကားပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အစောပိုင်းက ပြစ်တင်မှုများကို အီလွန်မက်စ်က ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပါသည်။ “လျှပ်စစ်ကား ဘက်ထရီပေါက်ကွဲမှုဆိုတာ လုံးဝမဟုတ်ပါဘူး။ ကားက ပုံမှန်အတိုင်းပဲ ရှိနေတာပါ။ ကားကို စစ်ဆေးပြီးသွားပါပြီ။ ဘက်ထရီပေါက်ကွဲမှု မဟုတ်ပါဘူး။ အသေခံဗုံးခွဲမှုပါပဲ” ဟု ဆိုထားပါသည်။
အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် CCTV မှတ်တမ်းများတွင် ပေါက်ကွဲမှုကြောင့် ယာဉ်၏ ကုန်တင်ခန်း၏အဖုံးမှာ စုတ်ပြတ်သွားကြောင်း ပြသထားပြီး ဖြစ်စဉ်အတွင်း သေးငယ်သော ပေါက်ကွဲမှုများစွာကို တွေ့ရှိရပါသည်။ ကားမီးလောင်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရပါသည်။ အာဏာပိုင်များက အဆိုပါပေါက်ကွဲမှုအား အကြမ်းဖက်လုပ်ရပ်အဖြစ် စုံစမ်းစစ်ဆေးလျက်ရှိပြီး လျှပ်စစ်ကားပေါ်၌ ဗုံးနှင့်သဏ္ဌန်တူသော ပစ္စည်းများ သယ်ဆောင်လာသည်ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ စုံစမ်းစစ်ဆေးမှုကို ကိုးကား၍ ABC သတင်းဌာနက ဖော်ပြခဲ့ပါသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွားရခြင်း၏ နောက်ကွယ်မှအကြောင်းရင်းများကို ဖော်ထုတ်ရန်လျှပ်စစ်ကားပေါ်တွင် သေဆုံးသွားသည့် ယာဉ်မောင်း၏နောက်ကြောင်းကို စုံစမ်းလျက်ရှိနေပြီး ၎င်းက ဖောက်ခွဲမှုလုပ်ဆောင်ရန် ရည်ရွယ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန်အတွက် သုံးသပ်နေကြပါသည်။
ကိုးကား-Myanmar National Post
Photo- CNN