အိန္ဒိယနိုင်ငံအနေဖြင့် နျူကလီးယားခြိမ်းခြောက်မှုကို သည်းခံမည်မဟုတ်ဟု မိုဒီပြောကြား
အိန္ဒိယဝန်ကြီးချုပ် မိုဒီက တနင်္လာနေ့ (မေ ၁၂) တွင် “သင့်လျော်သော တုံ့ပြန်မှု” ပြုလုပ်မည်ဟု ကတိပြုလျက် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် ပြင်ဆင်နေကြောင်း၊ နျူကလီးယားစွမ်းအားရှိသည့် အိမ်နီးချင်း (ပါကစ္စတန်)၏ ခြိမ်းခြောက်မှုခံရပါက စစ်ရေးအရ တုံ့ပြန်မည်ဟု ညွှန်းဆိုသော ပြောကြားချက်များ ပြုလုပ်ခဲ့သည်။
ပါကစ္စတန်နိုင်ငံအတွင်းနှင့်နယ်စပ်ရှိ ပစ်မှတ်များကို စင်ဒူးစစ်ဆင်ရေးဖြင့် တိုက်ခိုက်မှုစတင်ခဲ့ပြီးနောက် ဝန်ကြီးချုပ် မိုဒီက ပထမဆုံးအကြိမ်အဖြစ် အများပြည်သူကို ပြောကြားရာတွင် “နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒကို ပါကစ္စတန်က အားပေးနေပြီး နယူးဒေလီ၏ လုံခြုံရေးမူဝါဒ ပြောင်းလဲထားသည်” ဟု ရှင်းလင်းပြောကြားခဲ့သည်။
မိုဒီက “စင်ဒူးစစ်ဆင်ရေးသည် အကြမ်းဖက်ဝါဒကို အိန္ဒိယ၏ တုံ့ပြန်မှု ဖြစ်သည်။ ၎င်းစစ်ဆင်ရေးသည် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် ထိရောက်သော စံနမူနာပြ လုပ်ဆောင်မှုအသစ်ကို မှတ်သားတွေ့မြင်စေခဲ့ပြီး ထိုကဲ့သို့ ကျင့်သုံးသွားနိုင်စေရန် ဖော်ဆောင်ပေးခဲ့သည်” ဟု ပြောကြားခဲ့ပြီး “အကြမ်းဖက်သမားများနှင့် ၎င်းတို့ကို အားပေးထောက်ပံ့သော နိုင်ငံများအကြား ခွဲခြားသတ်မှတ်မှု မပြုတော့ပါ” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
“မိမိတို့၏ လုံခြုံရေးမူဝါဒစံနှုန်းများအရ သင့်လျော်သောတုံ့ပြန်မှုများ ပြုလုပ်မည်။ အကြမ်းဖက်ဝါဒ၏ အရင်းအမြစ်များ ပေါ်ထွက်လာသည့် နေရာတိုင်းတွင် ထိုက်တန်ပြင်းထန်သော အရေးယူမှုများ ပြုလုပ်မည်” ဟု ၎င်းက ကတိပေးခဲ့ပြီး “နျူကလီးယား ခြိမ်းခြောက်မှုကို နောက်ထပ် သည်းမခံတော့ပါ” ဟု မိုဒီက ဆက်လက် ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂