အမေရိကန်က ပံ့ပိုးပေးထားသည့် HIMARS ဒုံးကျည်စနစ် ပစ်ခတ်စမ်းသပ်မှုကို ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်လုပ်ဆောင်
တရုတ်နိုင်ငံအား ထိန်းချုပ်ကိုင်တွယ်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နိုင်ငံက ပံ့ပိုးပေးထားသည့် HIMARS ဒုံးကျည်စနစ်သစ်၏ ပထမဆုံးအကြိမ် ပစ်ခတ်စမ်းသပ်မှုတစ်ရပ်ကို ထိုင်ဝမ်တပ်မတော်က မေလ ၁၂ ရက်နေ့တွင် လုပ်ဆောင်ခဲ့သည်။
အဆိုပါ ပစ်ခတ်စမ်းသပ်မှုကို နိုင်ငံတောင်ပိုင်း Pingtung စစ်အခြေစိုက်စခန်းတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်စမ်းသပ်ခဲ့သည့် ဒုံးကျည် ၃၃ လုံးမှာ ၁၂ ကီလိုမီတာအကွာရှိ ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း ထိုင်ဝမ် တပ်မတော်က ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါ HIMARS ဒုံးကျည်ပစ်ခတ်မှုစနစ်ကို ယာဉ်ပေါ်တွင် တပ်ဆင်ထားခြင်းဖြစ်ပြီး ရွေ့လျားစစ်ကစားနိုင်မှုနှင့် တိကျမှုတို့ကို ပေါင်းစပ်ထားသည့် စနစ်ဖြစ်သည်။
တရုတ်နိုင်ငံ၏ စစ်ရေးဆိုင်ရာဖိအားများ မြင့်တက်လာခြင်းကြောင့် ထိုင်ဝမ်က ပြီးခဲ့သည့်နှစ်အတွင်း HIMARS ဒုံးကျည်စနစ် ၁၁ ခုကို ပထမအကြိမ် အမေရိကန်နိုင်ငံထံမှ လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ်အတွင်းတွင်လည်း ဆက်လက်မှာယူသွားမည်ဖြစ်ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK World
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်-နစက(၄)