ပြင်သစ်တပ်များ အာဖရိကအနောက်ပိုင်းမှ ဆုတ်ခွာတော့မည်ဟု အိုင်ဗရီကို့စ်သမ္မတပြောကြား
ပြင်သစ်တပ်ဖွဲ့များ အနောက်အာဖရိကဒေသမှ ဆုတ်ခွာမည်ဖြစ်ကြောင်းနှင့် ယခင် ပြင်သစ်ကိုလိုနီဖြစ်ခဲ့သည့် အနောက်အာဖရိကဒေသများအပေါ် စစ်ရေးအရ လွှမ်းမိုးမှုကို လျှော့ချသွားမည်ဖြစ်ကြောင်း အိုင်ဗရီကို့စ်နိုင်ငံသမ္မတ Alassane Ouattara က ကြေညာလိုက်ပါသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ ခေတ်မီတိုးတက်လာခြင်းပင်ဖြစ်ကြောင်း သမ္မတက ၎င်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြား ထားပါသည်။
ထို့ပြင် ဆီနီဂေါနိုင်ငံကလည်း ၎င်း၏နယ်မြေအတွင်း အခြေစိုက်ထားသော ပြင်သစ်စစ်စခန်းများ ဆုတ်ခွာမည်ဟု ပြီးခဲ့သည့်လကကြေညာခဲ့ပြီး ထိုသို့ ဆုတ်ခွာမှု မှာ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ပြီးဆုံးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။
အိုင်ဗရီကို့စ်နိုင်ငံသည် ပြင်သစ်ကိုလိုနီနိုင်ငံဖြစ်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိ အနောက်အာဖရိကတွင် ပြင်သစ်တပ်ဖွဲ့ အများဆုံးရှိသည့် နိုင်ငံသည် အိုင်ဗရီကို့စ်နိုင်ငံဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အား ၆၀၀ အထိ ကျန်ရှိကာ ဆီနီဂေါနိုင်ငံတွင်မူ ပြင်သစ်တပ်ဖွဲ့ဝင်အင်အား ၃၅၀ အထိ ကျန်ရှိနေဆဲဖြစ်သည်။
ကိုးကား - BBC