ရွေးကောက်ခံ ၅ နိုင်ငံက လုံခြုံရေးကောင်စီအဖွဲ့ဝင်များအဖြစ် တာဝန်ယူပြီ

News Image

  • ရွေးကောက်ခံ ၅ နိုင်ငံက လုံခြုံရေးကောင်စီအဖွဲ့ဝင်များအဖြစ် တာဝန်ယူပြီ

ဒိန်းမတ်၊ ဂရိ၊ ပါကစ္စတန်၊ ပနားမားနှင့် ဆိုမာလီယာ အစရှိသည့် နိုင်ငံ ၅ နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်များအဖြစ် ရွေးကောက်ခံရပြီးနောက် စတင်တာဝန်ထမ်းဆောင်ပြီ ဖြစ်ကြောင်းသိရသည်။

၎င်းတို့၏ နှစ် နှစ်တာ တာဝန်ယူရမည့်သက်တမ်းသည် ခရစ္စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက်အပြီး ၂၀၂၅ ခုနှစ် အတွက် ကောင်စီ၏လုပ်ငန်းများကို ပြန်လည် လည်ပတ်ချိန်ဖြစ်သော ဇန်နဝါရီလ ၁ ရက်နေ့က တရားဝင် စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။

၎င်း ၅ နိုင်ငံသည် ယခင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အီကွေဒေါ၊ ဂျပန်၊ မောလ်တာ၊ မိုဇမ်ဘတ်နှင့် ဆွစ်ဇာလန်တို့နေရာ၌ အစားထိုးဝင်ရောက်လာသည့် နိုင်ငံများ ဖြစ်သည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်သစ်များအတွက် အလံတပ်ဆင်ခြင်းဓလေ့ကို ၂၀၁၈ ခုနှစ်က ကာဇက်စတန်၌ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ New York ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းနောက် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ခေါင်းဆောင်များက အဖွဲ့ဝင်နိုင်ငံများကို ဝမ်းမြောက်စွာကြိုဆိုကြောင်း နှုတ်ခွန်းဆက်စကားများကို အသီးသီးပြောကြားကာ နှစ်နှစ်တာကာလအတွင်း အကောင်းဆုံး ဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆုတောင်းပေးခဲ့ကြသည်။

အဖွဲ့ဝင်သစ်နိုင်ငံများမှ ခေါင်းဆောင်များကလည်း နိုင်ငံအလံများကိုတပ်ဆင်ချိန်၌ မိန့်ခွန်းတိုများကို အသီးသီး ပြောကြားခဲ့ကြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများအဖြစ် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိက တို့ပါဝင်ပြီး အမြဲတမ်းမဟုတ်သည့်အဖွဲ့ဝင် ၁၀ နိုင်ငံအား နှစ်နှစ်တစ်ကြိမ် ကုလသမဂ္ဂအထွေထွေညီလာခံက ရွေးချယ်လေ့ရှိသည်။

ကိုးကား-Popular News Journal

Photo- UN News- the United Nations