တပ်မတော်အရာရှိတစ်ဦးအားပစ်ခတ်ခဲ့မှုအပါအဝင် ရန်ကုန်တိုင်းအတွင်းအကြမ်းဖက်မှုများပြုလုပ်ခဲ့သည့် Together Urban Force အဖွဲ့ဝင် (၇)ဦးကိုဖမ်းမိ
တပ်မတော်အရာရှိတစ်ဦးအားပစ်ခတ်ခဲ့မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်မှုများပြုလုပ်ခဲ့သည့် Together Urban Force အဖွဲ့ဝင် (၇)ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များမှ မရမ်းကုန်းမြို့နယ်တွင်ကျင်းပသည့် ညီဖြစ်သူ၏ မင်္ဂလာပွဲတက်ရောက်ပြီး ညီမဖြစ်သူနှင့်အတူပြန်ထွက်လာသော ပြင်ဦးလွင်မြို့မှခွင့်ပြန်လာသည့် တပ်မတော်အရာရှိတစ်ဦး ဒီဇင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် Together Urban Force အဖွဲ့ဝင် မိုးထက်အောင် (ခ)မိုးထက်(ခ)တိမ်ညို၊ နိုင်ဝင်းလတ်၊ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်၊ သန်းအောင်၊ ချိုမာလွင်နှင့် ခင်ယုဆွေတို့အား ဒီဇင်ဘာ ၂၉ ရက်၊ ထက်အောင်လှိုင်အား ဇန်နဝါရီ ၂ ရက်တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့အားစစ်ဆေးချက်များအရ ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှု(၆)ကြိမ်၊ လုပ်ကြံသတ်ဖြတ်မှု(၂)ကြိမ်ပြုလုပ်ခဲ့ခြင်းတို့ကို ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၂)ဦးတို့အား Sig Sauer ပစ္စတို ၂ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ 9mm ကျည် ၂၄ တောင့်၊ ပွိုင့် 38 Special ခြောက်လုံးပြူး ၁ လက် ၊ ၎င်းကျည် ၂၅ တောင့်၊ လက်လုပ်ဗုံး ၂ လုံး၊ TNT ယမ်းတောင့် ၂ တောင့်၊ ဒီတိုနေတာ ၅၃၅ ချောင်း၊ ယမ်းမှုန့် ၃ ပိဿာ ၅ဝ ကျပ်သား၊ နိုက်ထရိုကလယ်ဇင်း ၅ဝ ကျပ်သား၊ ပုလဲ ၅ဝ ပိသာ၊ Black Powder ၂ဝ ကျပ်သား၊ ယမ်းကြိုး (၂ဝဝ ပေ) ၁ ခွေ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးနှင့်ဖမ်းဆီးရန်ကျန်ရှိသူများအား ထပ်မံဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Source: Popular Myanmar