အိန္ဒိယနှင့်အရပ်ဘက်သုံးနျူကလီးယားဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရန် အပြီးသတ်လုပ်ဆောင် လျက်ရှိဟု အမေရိကန်ပြော
အမေရိကန်ပြည်ထောင်စုအနေဖြင့် အိန္ဒိယကုမ္ပဏီများနှင့် အရပ်ဘက်သုံး နျူကလီးယားဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရန်အတွက် အတားအဆီးများကို ဖယ်ရှားရှင်းလင်းနိုင်ရေး အပြီးသတ်လုပ်ဆောင်လျက်ရှိကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ဇန်နဝါရီလ ၆ ရက်တွင် ပြောသည်။
အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့သည် အမေရိကန်မှနျူကလီးယားဓာတ်ပေါင်းဖိုများအား အိန္ဒိယသို့ထောက်ပံ့ပေးရေးနှင့်စပ်လျဉ်း၍ လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်များမှစ၍ ဆွေးနွေးလာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အိန္ဒိယနိုင်ငံ၏ အချို့စည်းမျဉ်းများကြောင့် အဆိုပါနျူကလီးယား ဓာတ်ပေါင်းဖိုများအား နိုင်ငံအတွင်းသို့ လွှဲပြောင်းပေးရာတွင် အခက်အခဲ၊ အတားအဆီးများနှင့် ကြုံတွေ့ခဲ့ရသည်။
အိန္ဒိယနိုင်ငံသို့ အရပ်ဘက်သုံးနျူကလီးယားနည်းပညာလွှဲပြောင်းပေးရန် အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်လက်ထက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ အမေရိကန်နှင့်အိန္ဒိယတို့ကြား နျူကလီးယားနည်းပညာလွှဲပြောင်းပေးရေးအတွက် လိုအပ်သည့် အတားအဆီးများကို ကျော်ဖြတ်နိုင်ရန်အပြီးသတ်လုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ရောက်ရှိနေသည့် ဆူလီဗန်က ပြောကြားခြင်းဖြစ်သည်။
အမေရိကန်အနေဖြင့် အိန္ဒိယနိုင်ငံတွင် နျူကလီးယားစွမ်းအင်သုံးစက်ရုံ ၆ ခုတည်ဆောက်ပေးရန် အမေရိကန်နှင့်အိန္ဒိယနှစ်နိုင်ငံကြား သဘောတူညီချက်တစ်ရပ်ကို ၂၀၁၉ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်းသိရသည်။
Ref: ST
Source: Myawady Web Portal