တရုတ်နိုင်ငံနှင့် ပင်လယ်ကွေ့ဒေသနိုင်ငံများအကြား ကုန်သွယ်ရေးမြှင့်တင်ရန် ဆောင်ရွက်မည်
အစ္စလာမ်မာဘတ် ဇန်နဝါရီ ၉
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအရ ပါကစ္စတန်အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ် ဂေါ်ဒါဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ပင်လယ်ကွေ့ဒေသနိုင်ငံများအကြား ကုန်သွယ်ရေးမြှင့်တင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ စီမံကိန်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထူးလုပ်ငန်းများဆိုင်ရာ ဝန်ကြီး အာရှန် အိုဗာက ယနေ့ ပြောကြားသည်။
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအရ တည်ဆောက်ထားသည့် ၎င်းဆိပ်ကမ်းသည် ဒေသတွင်းစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိးတိုးတက်မှုကို အကူအညီပေးခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ပါကစ္စတန်နိုင်ငံ၏ တန်ကြေးရှိသည့် ပိုင်ဆိုင်မှုဟု တင်စားခေါ်ဆိုရသည့် ၎င်းဆိပ်ကမ်းသည် ပင်လယ်ကွေ့ဒေသနိုင်ငံများနှင့် ဗဟိုအာရှနိုင်ငံများအကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာခဲ့ပြီး စရိတ်စကနှင့် အချိန်ကုန်သက်သာပြီး ထိရောက်သည့် ကုန်သွယ်ရေးလမ်းကြောင်းကို ဖြစ်လာစေခဲ့ကြောင်း ၎င်းကပြောကြားသည်။
အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရန်နှင့် စီးပွားရေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆိပ်ကမ်းမှတစ်ဆင့် ကုန်သွယ်မှုကို တိုးမြှင့်မည်ဟု သိရသည်။
တရုတ်နိုင်ငံမှ ဆောင်ရွက်သည့် စီးပွားရေးစင်္ကြံစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံသည် တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကက်ဂါနှင့် ပါကစ္စတန်ဂေါ်ဒါဆိပ်ကမ်းကို ဆက်သွယ်ထားသောစင်္ကြံတစ်ခုဖြစ်ကာ ၎င်းစီမံကိန်း၏ ပထမအဆင့်တွင် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်ကာ အဆင့်သစ်တွင် စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နယ်ပယ်များအထိ တိုးချဲ့ဆောင်ရွက်မည်ဖြစ်သည်။
Source: ကြေးမုံသတင်းစာ
Photo- People's Daily