မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ဆက်နွှယ်ပြီး နျူကလီးယားနှင့်ဆက်နွယ်သော ဆက်စပ်ပစ္စည်းများ မှောင်ခိုကုန်ကူးခဲ့ကြောင်း ယာကူဇာ ဂိုဏ်းခေါင်းဆောင် ဝန်ခံ

News Image

  • မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ဆက်နွှယ်ပြီး နျူကလီးယားနှင့်ဆက်နွယ်သော ဆက်စပ်ပစ္စည်းများ မှောင်ခိုကုန်ကူးခဲ့ကြောင်း ယာကူဇာ ဂိုဏ်းခေါင်းဆောင် ဝန်ခံ

ဂျပန်ယာကူဇာ ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သူ တာကီရှိ အီဘီဆာဝါက ၎င်းသည် မြန်မာနိုင်ငံထံမှ နျူကလီးယား ထုတ်လုပ်ရာတွင် အသုံးပြုသောအရာ များကို လက်ဝယ်ထားရှိမှုအပြင် တရားမဝင် လက်နက် မှောင်ခိုရောင်းဝယ်ရန် ကြိုးပမ်းမှုများအတွက် အပြစ် ရှိသည်ဟု ဝန်ခံလိုက်ကြောင်း အမေရိကန်အစိုးရအာဏာပိုင်များက ထုတ်ဖော် ပြောဆိုလိုက်သည်။ တာကီရှိ အီဘီဆာဝါနှင့် ကြံရာပါတစ်ဦးကို ၂၀၂၂ ခုနှစ် ဧပြီလအတွင်းတွင် လက်နက်မှု၊ မူးယစ် ဆေးဝါးမှောင်ခို ကုန်ကူးမှုများဖြင့် စွဲချက်တင်ခဲ့သော်လည်း ၎င်းတို့ နှစ်ဦးကို ရမန်ဖြင့် ပြန်လွှတ်ထားခဲ့ကြောင်းသိရသည်။

ထို့ပြင် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံမှ နျူကလီး ယားနှင့် ဆက်နွှယ်သည့်ပစ္စည်းများကို ထိန်းချုပ်ပြီးတရားမဝင် ရောင်းချနိုင်ရေး အကျိုးဆောင်ပေးမှုဖြင့်ဂျပန်ယာကူဇာ ဒုစရိုက်ဂိုဏ်းဝင်ဖြစ်သူ တာကီရှိအီဘီဆာဝါကို စွဲချက်တင်ခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေ့များကပြောသည်။ ၎င်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်နက် ဝယ်ယူရောင်းချပေးခြင်းများလည်း လုပ်ကိုင်ခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေ့များက စွပ်စွဲထားသည်။

မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့များနှင့် ချုပ်ဆိုခဲ့သော စာချုပ်ထဲတွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များရရှိရန် ဆောင်ရွက်ပေးရေး အချက်လည်း ပါဝင်ခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေ့များကဆိုသည်။ အမေရိကန် အစိုးရအဖွဲ့ချုပ် ယာယီရှေ့နေချုပ်တစ်ဦးဖြစ်သော အက်ဝက်ဒ်ကင်က "တာကီရှိ အီဘီဆာဝါက ဇန်နဝါရီ ၉ ရက် ရုံးချိန်း၌ ဝန်ခံထွက်ဆိုခဲ့ကြောင်း၊ နျူကလီးယား လက်နက်ထုတ်လုပ်နိုင်မည့် ပလိုတိုနီယံများအပါအဝင် နျူကလီးယားနှင့် ဆက်နွှယ်သည့်ပစ္စည်းများကို မြန်မာနိုင်ငံ ပြင်ပကိုထုတ်၍ မှောင်ခိုကုန်ကူးခဲ့ကြောင်း ဝန်ခံခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်းအသုံးပြုရန် မြေပြင်ကဝေဟင်ပစ် ဒုံးကျည်ကဲ့သို့ လက်နက်ကြီးများ ရယူပေးပြီး အပြန် အလှန်အနေဖြင့် အမေရိကန်နိုင်ငံအတွင်း ဟီရိုအင်းနှင့် စိတ်ကြွဆေးပြား အများအပြားတင်ပို့မှုများ လုပ်ဆောင် ခဲ့ကြောင်း” သိရှိရသည်။

၎င်းသည် မြန်မာနိုင်ငံထံမှ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ထုတ်လုပ်နိုင်စွမ်းရှိမည့် ပလိုတိုနီယံ၊ ယူရေနီယံများကို လက်ဝယ်ထိန်းသိမ်းရယူခဲ့ကြောင်း၊ အမေရိကန် အစိုးရရှေ့နေ့များက စွပ်စွဲထားသည်။၂၀၂၀ ပြည့်နှစ် မှစပြီး အသက် ၆ဝ အရွယ်ရှိ အီဘီဆာဝါသည် နျူကလီးယား ဆက်စပ်ပစ္စည်းများကို ရောင်းချရန် အမေရိကန်အစိုးရ၏ အသွင်ယူထားသည့် ထောက်လှမ်းရေးအရာရှိတစ်ဦးနှင့် ဆက်သွယ်မိပြီး နျူကလီးယား ဆက်စပ်ပစ္စည်းများကို ရောင်းဝယ်ရန် စီစဉ်ဆောင်ရွက်ခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အီဘီဆာဝါနှင့်အတူ ၎င်း၏မိတ်ဆွေဖြစ်သူတို့ကို ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးမှုအတွင်း ထိုင်းအာဏာပိုင်များက အမေရိကန်စုံစမ်းစစ်ဆေးသူများကို အကူအညီ ပေးခဲ့ကြောင်းသိရသည်။

အမေရိကန်တရားရေးဌာနက "ဖမ်းဆီးရမိသည့် နျူကလီးယား ဆက်စပ်ပစ္စည်းများကို ဓါတ်ခွဲစမ်းသပ်ရာ ၌ နျူကလီးယားနမူနာများတွင် ပလူတိုနီယမ် အိုင်ဆိုတုပ်ပါဝင်မှုရှိနေပြီး လက်နက်ထုတ်လုပ်နိုင်စွမ်းရှိသည့်အဆင့်မျိုးဖြစ်ကြောင်း၊ ပလူတိုနီယံကို အလုံအလောက်ထုတ်လုပ်နိုင်ခဲ့မည်ဆိုပါက နျူကလီးယား လက်နက်ထုတ်လုပ်နိုင်စွမ်း ရှိလာမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

အီဘီဆာဝါသည် မြန်မာနိုင်ငံရှိ အမည်မဖော်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စား လက်နက်များ ဝယ်ယူရန်အတွက် ငွေကြေးရရှိရန် နျူကလီယား ထုတ်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းရောင်းချမှုမှ ရရှိသောငွေများကို အသုံးပြုခဲ့ကြောင်းသိရသည်။ အီဘီဆာဝါသည် နျူကလီယားထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းနှင့်ပတ်သက်သည့် စွဲချက်များနှင့်ပတ်သက်ပြီး ထောင်ဒဏ် နှစ် ၂၀ ကျခံရဖွယ်ရှိနေကြောင်းသိရသည်။

ကိုးကား-NP News

Photo: The New York Times