ရိုမေးနီးယားအခြေစိုက် နေတိုးကာကွယ်ရေးစခန်းမှတစ်ဆင့် ရုရှားကို နေတိုး စစ်ဆင်နွှဲလာနိုင်ဟု ရိုမေးနီးယားသမ္မတလောင်းပြောကြား

News Image

  • ရိုမေးနီးယားအခြေစိုက် နေတိုးကာကွယ်ရေးစခန်းမှတစ်ဆင့်  ရုရှားကို နေတိုး စစ်ဆင်နွှဲလာနိုင်ဟု ရိုမေးနီးယားသမ္မတလောင်းပြောကြား

ဥရောပတွင် အကြီးမားဆုံး နေတိုးကာကွယ်ရေးစစ်စခန်းဖြစ်လာမည့် ရိုမေးနီးယားနိုင်ငံအရှေ့တောင်ပိုင်း၌ တည်ရှိသည့် Mihail Kogalniceanu အခြေစိုက်စခန်းတွင် ရုရှားကို စစ်ပွဲစတင်ရန် အဓိကနေရာတစ်ခုအဖြစ် အသုံးပြုလာမည်ဟု ယုံကြည်နေကြောင်း ရိုမေးနီးယား တစ်သီးပုဂ္ဂလက သမ္မတလောင်း Calin Georgescu က ပြောကြားလိုက်သည်။ 

မိမိအနေဖြင့် ယခုနေတိုးအခြေစိုက်စခန်းကိစ္စကို လက်မခံနိုင်ကြောင်း၊ ရိုမေးနီးယားတွင် ယခုဖြစ်ပျက်နေသည့်ကိစ္စအပေါ် အမေရိကန်ရော အခြားနိုင်ငံ များကပါ စိတ်ဝင်စားခြင်းမရှိပါကြောင်း၊  ၎င်းတို့က ရိုမေးနီးယားကို စစ်ပွဲအတွက် တံခါးတစ်ချပ်တစ်ခုအဖြစ် အသုံးပြုလာပါက မိမိနိုင်ငံတွင် ဖြစ်ပျက်လာနိုင်သည်များကို စိတ်ထဲမရှိကြပါကြောင်း၊ မိမိတို့မြေရှိ နေတိုးအခြေစိုက်စခန်းက ရုရှားကို ကြီးကြီးမားမားစစ်ဆင်နွှဲလာပါက မိမိတို့နိုင်ငံကို မည်ကဲ့သို့ သက်ရောက်မှုများ ရှိလာနိုင်မည်ဆိုသည်ကို ထည့်သွင်းစဉ်းစားလိုကြောင်း၊ မိမိအနေဖြင့် စစ်ပွဲကို လုံးဝမလိုချင်ကြောင်း Georgescu က အမေရိကန် ရေတပ် အငြိမ်းစား Shawn Ryanနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

ရိုမေးနီးယားမှ စတင်မည့် နေတိုး၏ ရုရှားအပေါ် စစ်ဆင်နွှဲမည်ဆိုသည့် ၎င်း၏ ယူဆချက်ကို ထုတ်ဖော်ပြောပြခြင်းသည် ပထမအကြိမ် မဟုတ်ဘဲ ယခင် ကလည်း ပြောပြဖူးကြောင်း ရိုမေးနီးယား တီဗီချန်နယ်တစ်ခုဖြစ်သည့် Digi 24 မှတ်ချက်ပြုထားပါသည်။

ကိုးကား-TASS