အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရ
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင်သီးနှံ တစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးနှံကို ပန်းတော်ပြင်ကျေးရွာတွင် ဥယျာဉ်ခြံမြေများနှင့် ယာမြေများ၌ စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။
မျိုးအနေဖြင့် ကီလိုမာလကာကိုင်းကူးပျိုးပင်များကို အစိုဓာတ်ကောင်းမွန်စွာရရှိသည့် ဇွန်လနှင့် ဇူလိုင်လများတွင် အများဆုံး စိုက်ပျိုးကြပြီး မြေအောက်ရေကို အသုံးပြု၍လည်း တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ပင်ခြား ၁၁ ပေ၊ တန်းခြား ၁၂ ပေ အကွာအဝေးဖြင့် တစ်ဧကလျှင် ကီလိုမာလကာပင် ၃၀၀ ခန့်စိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၆၀ ခန့် ကုန်ကျကြောင်း၊ ကိုင်းကူး ကီလိုမာလကာပင်မှာ စိုက်ပျိုးပြီး ခြောက်လခန့်အကြာတွင် အသီးများကို စတင်ခူးဆွတ်ရောင်းချနိုင်ပြီး ကီလိုမာလကာသီးမှာ တစ်နှစ်ပတ်လုံးခူးဆွတ်ရရှိ၍ တစ်နှစ်လျှင် လေးကြိမ်ခူးဆွတ်ရကြောင်း၊ မြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှု၊ အပင်သက်တမ်းတို့အပေါ် မူတည်၍ တစ်ကြိမ်လျှင် ကီလိုမာလကာပင် တစ်ပင်အတွက် ပျမ်းမျှအလုံးရေ ၃၀-၄၀ ထွက်ရှိရာ တစ်နှစ်လျှင် တစ်ဧကပျမ်းမျှအလုံးရေ ၃၆၀၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် သရက်-မင်းလှ ကားလမ်းဘေးရှိ သစ်သီးဆိုင်များနှင့် မင်းလှမြို့ ဇေယျာသီရိဈေးသို့ ရောင်းချရကြောင်း ကီလိုမာလကာစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မကွေး)
Source: မြန်မာ့အလင်းသတင်းစာ