KNU အကြမ်းဖက်အဖွဲ့မှ မြို့နယ်တရားသူကြီး၏ သားကို KTLA သတ်ဖြတ်၍ အလောင်းဖျောက်
KNU အဖွဲ့၏ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသ) မြို့နယ်တရားသူကြီး၏ သားဖြစ်သူကို KTLA အကြမ်းဖက် အဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားက KNU ၏ မီဒီယာကေအိုင်စီသို့ ပြောကြားထားသည်။
သေဆုံးသူ အသက် (၂၈) နှစ်အရွယ် စောကညောဒိုစိုးသည် KNU အဖွဲ့၊ တပ်မဟာ(၄) မှ လယ်ဒိုစိုး (ထားဝယ်) မြို့နယ်တရားသူကြီး စောကဲဒို၏ ဒုတိယမြောက်သား ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် အဆက်အသွယ်ပြတ်ပျောက်ဆုံးကာ ရက်နှစ်ဆယ်ခန့်အကြာတွင် ဝါးကူကျေးရွာရှိ ရေတွင်းတစ်ခုထဲသို့ ပစ်ချခံထားရသည့် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
KNU အဖွဲ့ တပ်မဟာ(၄) ၏ တပ်သားဟောင်းဖြစ်သူ စောကညောဒိုစိုးသည် ဒေသအတွင်း ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာလေ့ရှိသူဖြစ်ပြီး ရုပ်အလောင်းကို KTLA အကြမ်းဖက်အဖွဲ့၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) စစ်ဆေးရေးဂိတ်အနီးတွင် တွေ့ရှိကာ KTLA အကြမ်းဖက်အဖွဲ့၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KNU ဘက်မှ ပြောသည်။
"ဝါးကူရွာက ရေတွင်းပျက်ဟောင်းထဲသို့ ပစ်ချထား ကြောင်း၊ သတ်သည့်တရားခံသည် KTLA တပ်သား ဖြစ်ကြောင်း၊ သေဆုံးသူသွားသည့်နေရာက KTLA ပိုင်နက်ထဲဖြစ်ကြောင်း၊ KTLA စခန်းချသည့် နေရာဖြစ်ကြောင်း၊ ၎င်းတို့အား မေးမြန်းပါကလည်း အမှန်အတိုင်းပြောမည်မဟုတ်ကြောင်း” တပ်မဟာ (၄) ခရိုင် အတွင်းရေးမှူး ပဒိုစောအဲနာက ပြောသည်။
ထို့အပြင် သေဆုံးသူ၏ ရုပ်အလောင်း၌ ခန္ဓာကိုယ်တစ်ခုလုံးကို ကြိုးဖြင့်တုတ်နှောင်ချည်ထားပြီးမှ ရေတွင်းထဲသို့ ပစ်ချခံထားရသည့်အတွက် လည်ပင်း အရိုးကျိုးခြင်း၊ ဦးခေါင်းခွံကွဲအက်ခြင်းအပြင် အခြားအရိုးများ ကျိုးပြတ်ခြင်း ဒဏ်ရာများဖြင့်ဖြစ်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှသိရသည်။
၎င်းသေဆုံးသူ ကညောဒိုစိုး၏ အလောင်းကို ဇန်နဝါရီ ၁၁ နေ့တွင် မီးသင်္ဂြိုလ်ခဲ့ပြီး သေဆုံးသူတွင် ဇနီးဖြစ်သူ နှင့်အသက် ၂ နှစ်အရွယ် သားတစ်ဦးကျန်ရှိခဲ့ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ထားဝယ်ခရိုင်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် KTLA အကြမ်းဖက်အဖွဲ့၊ ဆာကဆောတပ်မဟာ လက်အောက်ခံတပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူ ၃ ဦးအား မတရားဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။
ကိုးကား-Myanmar National Post