ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်တို့ ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဆက်လက် လုပ်ဆောင်ရန် သဘောတူ
ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် ရေကြောင်းလုံခြုံရေးနှင့်အခြားနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန် အွန်လိုင်း အစည်းအဝေးတွင် သဘောတူညီခဲ့ကြပါသည်။
ဂျပန်ဝန်ကြီးချုပ် Ishiba Shigeru သည် အမေရိကန် သမ္မတ Joe Biden၊ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. တို့နှင့် မိနစ် ၃၀ ကြာ ဗွီဒီယို အစည်း အဝေးကို ဇန်နဝါရီ ၁၃ ရက်တွင် ပြုလုပ်ခဲ့ပါသည်။
မစ္စတာ ဘိုင်ဒင်က လာမည့်သီတင်းပတ်တွင် ရာထူးမှအနားယူပြီးနောက်ပိုင်းတွင်လည်း တရုတ်၏ ပင်လယ်ရေကြောင်းဆိုင်ရာလှုပ်ရှားမှုများကို အာရုံထားကာ ၎င်းတို့ နိုင်ငံများအနေဖြင့် ပင်လယ်ရေကြောင်းနှင့် စီးပွားရေး၊ လုံခြုံရေးနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ခေါင်းဆောင် ၃ ဦးတို့ သဘောတူခဲ့ကြပါသည်။
မစ္စတာ အီရှီဘာက ဂျပန်၏ Nippon Steel သည် အမေရိကန်ပြည်ထောင်စုမှ US Steel ၀ယ်ယူမှုကို ပိတ်ဆို့ရန် မစ္စတာ ဘိုင်ဒင်ထုတ်ပြန်ခဲ့သည့် အမိန့် ကိစ္စကိုလည်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါလုပ်ရပ်အပေါ် ဂျပန်နှင့်အမေရိကန်တို့မှ စီးပွားရေးလုပ်ငန်းရှင်များက များစွာစိုးရိမ်ပူပန်နေကြောင်း ဖွင့်ဟလျက်ရှိပြီး ၎င်းတို့အားပူပန်မှုလျော့ကျစေရေး လုပ်ဆောင်ရန် အမေရိကန်အားတိုက်တွန်းခဲ့ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲအပြီးတွင် မစ္စတာ အီရှီဘာက နိုင်ငံတကာအခြေအနေများသည် ပိုရှုပ်ထွေးလာကြောင်း၊ သို့သော် တရားဥပဒေစိုးမိုးမှုအပေါ် အခြေခံပြီး လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်ရေး ပိုမိုကြိုးပမ်းသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
အမေရိကန်သမ္မတ တာဝန်ထမ်းဆောင်မည့် ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည့်အစီအစဉ်အား မေးမြန်းရာတွင် မစ္စတာ အီရှီဘာက ဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပ နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Iwaya Takeshi သည် ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကိုတက်ရောက်ရန် စီစဉ်ထားပြီး အဆိုပါအခမ်းအနားအပြီးတွင် တွေ့ဆုံပွဲအချိန်ဇယားကို ဆက်လက်ဆွေးနွေးနိုင်ရန် လုပ်ဆောင်မည်ဟု မစ္စတာ အီရှီဘာ က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World