ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် အစ္စရေး ကိုယ်စားလှယ်အဖွဲ့ ကာတာကို ရောက်ရှိ
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေး ဆွေးနွေးရန် အစ္စရေး လုံခြုံရေးကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ကာတာနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu စေလွှတ်လိုက်သည့် အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် မော့ဆက်ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲလည်း ပါဝင်ကြောင်း Reuters သတင်းဌာနနှင့်အခြား မီဒီယာ များက သတင်းဖော်ပြပါသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများကြောင့် သေဆုံးသူဦးရေသည် ၄၆,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး ကြားဝင်စေ့စပ်နေသည့် ကာတာနိုင်ငံတွင် ဆွေးနွေးပွဲများ ပြုလုပ်နေပါသည်။
အမေရိကန်သမ္မတ Joe Biden ၏ အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးနှင့်အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန်လည်း ကာတာတွင် ရောက်ရှိနေကြောင်း သိရှိရပါသည်။
အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး Jake Sullivan က သဘောတူညီချက်ရရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း CNN ၏အစီအစဉ်တစ်ခုတွင် ပြောကြားခဲ့ပါသည်။
ဇန်နဝါရီ ၁၂ ရက်နေ့တွင် မစ္စတာ Netanyahu သည် မစ္စတာ Biden နှင့်ဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီး စေ့စပ်ညှိနှိုင်းမှု၏ ဖြစ်ပေါ်တိုးတက်မှုများကို ၎င်းတို့ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
ဇန်နဝါရီ ၂၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုမှုမတိုင်မီတွင် ဟားမတ်စ်အနေဖြင့် ဓားစာခံများကို ပြန်လည်လွှတ်ပေးခြင်းမရှိပါက ထို့အတွက် ပေးဆပ်ရမည် ဖြစ်ကြောင်း ထရမ့် က ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World