ဂရင်းလန်းတွင် နျူကလီးယား ထိပ်ဖူးများ သယ်ဆောင်နိုင်သည့် လေယာဉ်များ ဆင်းသက်ရန် လေဆိပ်အဆောက်အအုံတစ်ခု အမေရိကန် တည်ဆောက်ဟုဆို
အမေရိကန်ပြည်ထောင်စုသည် ဂရင်းလန်းတွင် နျူကလီးယားထိပ်ဖူးများ သယ်ဆောင်နိုင်သည့် လေယာဉ်များ ဆင်းသက်ရန်အတွက် လေဆိပ်အဆောက်အအုံတစ်ခု တည်ဆောက်လျက်ရှိကြောင်း ရုရှားသံအမတ်တစ်ဦးက ပြောကြားလိုက်ကြောင်းသိရသည်။
အမေရိကန်စစ်ဘက်သည် ဒုတိယကမ္ဘာ စစ်အချိန်မှစ၍ ဂရင်းလန်းတွင် အမြဲတမ်းစစ်အခြေစိုက်စခန်း ဖွင့်လှစ်ထားပြီး F-35 အမျိုးအစား တိုက်လေယာဉ်များအား လေ့ကျင့်ရန် အသုံးပြုလျက်ရှိသည်။ လက်ရှိတွင် အဆိုပါစစ်အခြေစိုက်စခန်းအား ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန် အကျခံ၍ ရေဒါစနစ်များကို အဆင့်မြှင့် တင်လျက်ရှိသည့်အပြင် F-35 တိုက်လေယာဉ်များအတွက် လေဆိပ်အဆောက် အအုံတစ်ခုကိုလည်း တည်ဆောက်လျက်ရှိကြောင်း ဒိန်းမတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ဖြစ်သူ ဗလာဒီမာဘာဘင်က ပြောသည်။
အမေရိကန်အနေဖြင့် ဂရင်းလန်းအား ပိုင်ဆိုင်ရန်အရေးကြီးကြောင်း အမေရိကန်သမ္မတအဖြစ် မကြာမီတက်ရောက်လာမည့် ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်လအတွင်း၌ပြောကြားခဲ့သည်။ သို့သော် ဂရင်းလန်းအား ရောင်းချမည် မဟုတ်ဟု ဂရင်းလန်းဝန်ကြီးချုပ် မူတေအက်ဂျ်က တုံ့ပြန် ပြောကြားခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းအား အမေရိကန်ပိုင်အဖြစ် သိမ်းပိုက်ရန် ဆန္ဒရှိကြောင်း ၎င်း၏ ပထမအကြိမ်သမ္မတသက်တမ်း ထမ်းဆောင်စဉ် ၂၀၁၉ ခုနှစ် ကတည်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
Source: Myawady Web Portal