ခြောက်နှစ်အကြာ ပထမဆုံးအဖြစ် တရုတ်နှင့် ဗြိတိန်စီးပွားရေး ဆွေးနွေးပွဲကျင်းပ

News Image

  • ခြောက်နှစ်အကြာ ပထမဆုံးအဖြစ် တရုတ်နှင့် ဗြိတိန်စီးပွားရေး ဆွေးနွေးပွဲကျင်းပ

ကုန်သွယ်ရေး၊   ရင်းနှီးမြှုပ်နှံမှုတို့နှင့် စပ်လျဉ်း၍ တရုတ်နှင့် ဗြိတိန်စီးပွားရေး ဆွေးနွေးပွဲကို  ဇန်နဝါရီလ ၁၁ ရက်တွင်ကျင်းပသည်။

တရုတ်နှင့်ဗြိတိန်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု၊ ဘဏ္ဍာရေးဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်     စီးပွားရေးဆွေးနွေးပွဲ တစ်ရပ်ကို ခြောက်နှစ်ကြာ ရပ်ဆိုင်းခဲ့ပြီးနောက် ဇန်နဝါရီလ ၁၁ ရက်တွင် ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရိဗ်က တရုတ်ဒုတိယဝန်ကြီးချုပ် ဟေလီဖန်နှင့် ဒုတိယသမ္မတ ဟန်ကျန်းတို့နှင့် တွေ့ဆုံစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံအနေဖြင့် အဓွန့်ရှည်တည်တံ့သော ဘဏ္ဍာရေး၊   အရင်းဈေးကွက် ဆက်သွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးအပြင်    ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့နှင့် စပ်လျဉ်း၍ အပြန်အလှန်ဖလှယ်မှုများကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆန္ဒရှိကြောင်း ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးကပြောသည်။

ယခုကျင်းပခဲ့သည့် ဆွေးနွေးပွဲသည် တရုတ်နှင့် ဗြိတိန်တို့ကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့်   နှစ်နိုင်ငံကြားရေရှည်စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအတွက် အရေးပါသည့်ဆွေးနွေးပွဲ တစ်ရပ်ဖြစ်သည်။

တရုတ်နှင့် ဗြိတိန်နိုင်ငံတို့သည် ကမ္ဘာ့စီးပွားရေး စူပါပါဝါနိုင်ငံများဖြစ်ပြီး ယခုကဲ့သို့   ဆွေးနွေးပွဲကျင်းပနိုင်ခြင်းသည် နှစ်နိုင်ငံအကျိုးစီးပွားအတွက်   အလွန်အရေးပါကြောင်း တရုတ်နိုင်ငံက ပြောကြားထားသည်။ ယခုကျင်းပမည့် ဆွေးနွေးပွဲသည် တရုတ်နှင့်   ဗြိတိန်တို့ကြား ၁၁ ကြိမ်မြောက်ကျင်းပသည့်   စီးပွားရေး ဆွေးနွေးပွဲဖြစ်သည်။

Source: Myawady Web Portal