အမေရိကန်တွင် ထရမ့်တက်ရောက်လာပြီးနောက် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမည်ဆိုပါက ကနေဒါက တုံ့ပြန်မည်ဟု ထရူးဒိုးပြော

News Image

အမေရိကန်တွင်   သမ္မတအဖြစ်ဒေါ်နယ်ထရမ့်ပြန်လည် တက်ရောက်လာပြီးနောက် နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမည်ဆိုပါက ကနေဒါနိုင်ငံက တန်ပြန်အခွန် တိုးမြှင့်ကောက်ခံမှုများနှင့် အသင့်ပြင်ဆင်ထားကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ပြောကြားခဲ့ကြောင်းသိရသည်။

ကနေဒါအစိုးရအနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ကုန်သွယ်ရေး အငြင်းပွားမှုဖြစ်ပွားမည်ကို  လိုလားခြင်းမရှိကြောင်း၊ သို့သော် ထရမ့်အစိုးရသစ်အနေဖြင့် ကနေဒါနိုင်ငံမှ တင်ပို့သည့် ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံမည်ဆိုပါက အမေရိကန်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံ၍ တုံ့ပြန်မည်ဖြစ်ကြောင်း ထရူးဒိုး က MSNBC သတင်းဌာနသို့ ပြောကြားစဉ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ကနေဒါနိုင်ငံသည် အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို အခြားနိုင်ငံများထက် ပိုမိုဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ် ပထမ ၁၁လအတွင်းမှာပင် ဒေါ်လာ ၃၂၀ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများကို    ဝယ်ယူတင်သွင်းခဲ့ကြောင်း  အမေရိကန်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့်  အချက်အလက် များတွင် ဖော်ပြထားသည်။ အဆိုပါ ကာလအတွင်း အမေရိကန်၏ ကနေဒါနှင့် ကုန်သွယ်မှုတွင် လိုငွေပြငွေ ဒေါ်လာ ၅၅ ဘီလီယံရှိကြောင်း သိရသည်။

ထရမ့်အစိုးရသည် ၂၀၁၈ခုနှစ်တွင် ကနေဒါနိုင်ငံမှ သံမဏိထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ရာ ကနေဒါအစိုးရကလည်း တုံ့ပြန်သည့်အနေဖြင့် အိမ်သုံးပစ္စည်းများ၊ ဝီစကီနှင့် လှေများအပါအဝင် အမေရိကန်မှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့် ကောက်ခံခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ထရမ့်သမ္မတအဖြစ် ယခုလအတွင်း တက်ရောက်လာပြီးနောက်   ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများမှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံရန် အမေရိကန်အစိုးရက စဉ်းစားလျက်ရှိကြောင်း သိရသည်။

Source: Myawady Web Portal