ကာကွယ်ရေး စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ဓာတုပစ္စည်းများနှင့် တိုက်ခိုက်ရန်ကြံစည်မှုကို ရုရှား တားဆီးနိုင်ခဲ့
ရုရှားနိုင်ငံ ယာရိုဆလပ်ဒေသရှိ ကာကွယ်ရေး စီမံကိန်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား အဆိပ်အတောက်ဖြစ်စေသည့် ဓာတုဗေဒပစ္စည်းများနှင့် တိုက်ခိုက်ရန် ကြံစည်မှု တစ်ရပ်ကို ရုရှားပြည်ထောင်စု လုံခြုံရေးအဖွဲ့က တားဆီးနိုင်ခဲ့ကြောင်း ရုရှားမီဒီယာ တစ်ခုတွင် ဇန်နဝါရီလ ၁၄ ရက်က ဖော်ပြသည်။
အကြမ်းဖက်သမားများသည် ယူကရိန်း အထူးထောက်လှမ်းရေး အဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့အနေဖြင့် ယူကရိန်းနယ်မြေအတွင်းမှနေ၍ ပြည်ပနိုင်ငံများ၏ အင်တာနက် သတင်းတိုပေးပို့မှု အပလီကေးရှင်းများကို အသုံးပြု၍ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားပြည်ထောင်စု လုံခြုံရေးအဖွဲ့က ဆက်ပြောသည်။ သို့သော် အသေးစိတ်ကို ဖော်ပြထားခြင်းမရှိပေ။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို ရုရှားနိုင်ငံသားတစ်ဦးက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား ရုရှားအာဏာပိုင်များက ထိန်းသိမ်းထားကြောင်းသိရသည်။
အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုမည့် ဓာတုအဆိပ်အတောက်များသည် လူသားများ၏ အသက်ရှူလမ်းကြောင်းကို လောင်ကျွမ်းစေနိုင်သောကြောင့် အသက်အန္တရာယ်ရှိကြောင်း၊ ယင်းအဆိပ်အတောက်များကို ကာကွယ်ရေးစီမံကိန်း၏ ဝန်ထမ်းများ ကားရပ်နားရာနေရာ အတွင်းသို့ ပက်ဖျန်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Source: Myawady Web Portal