NATO အထွေထွေအတွင်းရေးမှူးက အဖွဲ့ဝင်များအား ရုရှားစကား စတင်လေ့လာရန် သတိပေး

News Image

  • NATO အထွေထွေအတွင်းရေးမှူးက အဖွဲ့ဝင်များအား ရုရှားစကား စတင်လေ့လာရန် သတိပေး

နေတိုးအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာတိုးမြှင့်ရန်လိုအပ်ကြောင်းနှင့် ထိုသို့မဟုတ်ပါက ရုရှားစကားကို စတင်လေ့လာရန်လိုအပ်ကြောင်း NATO အဖွဲ့၏ အထွေထွေအတွင်းရေးမှူး Mark Rutte က ပြောကြားခဲ့သည်။

ဥရောပပါလီမန်၏ နိုင်ငံခြားရေးရာကော်မတီ (AFET) နှင့် လုံခြုံရေးနှင့်ကာကွယ်ရေးဆပ်ကော်မတီ (SEDE) တို့ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် ပူးတွဲ အစည်းအဝေးအပြီး Rutte က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ နေတိုးအဖွဲ့ဝင်သုံးပုံနှစ်ပုံသည် ကာကွယ်ရေးအသုံးစရိတ်အတွက် ၎င်းတို့ GDP ၏ ၂% လျာထား အသုံးပြုရန် ရည်မှန်းထားသော်လည်း မော်စကို၏ အန္တရာယ်မှကာကွယ်ရန် မလုံလောက်သေးကြောင်း Rutte က ပြောကြားခဲ့သည်။

အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၅% အထိ မြှင့်တင်ကြရန် တိုက်တွန်းထားသော်လည်း လက်တွေ့တွင် လုပ်ဆောင်နိုင်ခြင်းမရှိသေးပေ။

ဝါရှင်တန်မရှိလျှင် ဥရောပနေတိုးအဖွဲ့ဝင်များသည် ကာကွယ်ရေးအသုံးစရိတ်ကို ၎င်းတို့ GDP ၏ ၁၀% အထိ မြှင့်တင်ရန် လိုအပ်မည်ဖြစ်ကြောင်း Rutte က ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာနိုင်ကြောင်း သုံးသပ်ကြသည်။

ရုရှားက သုံးလအတွင်းထုတ်လုပ်နိုင်သည့် လက်နက်ခဲယမ်း ပမာဏကို NATO အနေဖြင့် တစ်နှစ်ခန့် အချိန်ယူထုတ်လုပ်ရမည်ဟု ၎င်းကထောက်ပြပါသည်။

 ရုရှားသည် ၎င်း GDP ၏ ၉% အထိ ကာကွယ်ရေးအသုံးစရိတ်အတွက် သုံးစွဲနေကြောင်း သိရှိရသည်။

ကိုးကား-RT