ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ယခုသီတင်းပတ်အတွင်း ရနိုင်မည်ဟု အမေရိကန် အရာရှိပြော
အစ္စရေးနှင့်အစ္စလာမစ်အဖွဲ့ ဟားမတ်စ်တို့သည် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေး သဘောတူညီချက်တစ်ရပ်ကို အစောဆုံးအနေဖြင့် ယခု သီတင်းပတ်တွင်ရရှိမည်ဟု မျှော်လင့်ကြောင်း အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ ဇန်နဝါရီ ၁၃ ရက်နေ့တွင် သတင်းထောက်များကို ပြောဆိုရာ၌ အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး Jake Sullivan က သဘောတူညီချက်တစ်ခုရရှိရန် နီးစပ်နေပြီဖြစ်ပြီး ယခုတစ်ပတ်အတွင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
သို့သော် ၎င်းက ကတိတစ်ခုပေးခြင်းမဟုတ်ဘဲ ဖြစ်မြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။
အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲအား ကြားဝင်စေ့စပ်ပေးနေသည့် ကာတာမှ အစ္စရေးနှင့်ဟားမတ်စ်တို့အား ဇန်နဝါရီ ၁၃ ရက်နေ့တွင် အပြီးသတ်သဘောတူညီချက် မူကြမ်းပေးခဲ့ကြောင်း Reuters သတင်းအေဂျင်စီက ဖော်ပြထားပါသည်။
ဂါဇာရှိ ဟားမတ်စ်များကိုချေမှုန်းရန် အစ္စရေးအနေနှင့် ဆက်လက်တိုက်ပွဲဝင်သင့်ကြောင်း လက်ယာစွန်းနိုင်ငံရေး ပါတီဝင်တစ်ဦးဖြစ်သည့် အစ္စရေးအစိုးရအဖွဲ့ ထိပ်တန်းဝန်ကြီးတစ်ဦးက လူမှုမီဒီယာတွင် ဖော်ပြပြောဆိုခဲ့ပါသည်။
အဆိုပါဝန်ကြီးက ဤအချိန်သည် ဂါဇာကမ်းမြောင်တစ်ခုလုံးအား သိမ်းပိုက်ပြီး သန့်စင်ပစ်ရန် အင်အားကုန်သုံး၍ ဆက်လက်လုပ်ဆောင်ရမည့် အချိန်အခါ ဖြစ်သည် ဟုဆိုပါသည်။
ပဋိပက္ခဖြစ်စဉ်စတင်စဉ်မှ ယနေ့အချိန်အထိ ဂါဇာတွင် လူပေါင်း ၄၆,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါသည်။
ကိုးကား-NHK World