တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့မှ အကြီးဆုံးကမ်းခြေစောင့် သင်္ဘောဖြန့်ကျက်ချထားခြင်းသည် စိုးရိမ်စရာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရပြော

News Image

  • တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့မှ အကြီးဆုံးကမ်းခြေစောင့် သင်္ဘောဖြန့်ကျက်ချထားခြင်းသည် စိုးရိမ်စရာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရပြော

ဖိလစ်ပိုင်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် (EEZ)အတွင်း တရုတ်၏ အကြီးဆုံးကမ်းခြေစောင့်သင်္ဘော ဖြန့်ကျက်ချထားမှုသည် စိုးရိမ်စရာကိစ္စတစ်ခုဖြစ်ပြီး တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းအနီး ငါးဖမ်းနေသော ငါးဖမ်းသင်္ဘောများကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်သည် သိသာကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီမှ ဂျောနသန်မလေယာက တရုတ်အနေဖြင့် ၎င်းတို့ကမ်းခြေစောင့်တပ်ဖွဲ့၏ အကြီးဆုံးသင်္ဘောကို ဖြန့်ကျက်ချထားခြင်းနှင့်ပတ်သက်ပြီး တရုတ်ဘက်မှ ရန်လိုမှုများတိုးလာနေခြင်းကို ဖိလစ်ပိုင်အနေဖြင့် သတိထားမိကြောင်း ပြောဆိုခဲ့ပါသည်။ ဇမ်ဘာလက်စ်ပြည်နယ် ကမ်းလွန်၏ ရေမိုင် (၇၇) မိုင်အကွာတွင်တွေ့ရှိခဲ့ရသည့် အရှည် (၁၆၅) မီတာ ရှိသော တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောကို ဖိလစ်ပိုင်အစိုးရက ကန့်ကွက်မှုများလုပ်ဆောင်ခဲ့ပြီး EEZ အတွင်းမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။

ဖိလစ်ပိုင်အစိုးရက အဆိုပါလုပ်ရပ်သည် တင်းမာမှုအရှိန်မြင့်လာစေရန် ရန်စနေခြင်းပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး မလေးရှားအစိုးရကလည်း တရုတ်၏ အကြီးဆုံးကမ်းခြေစောင့်သင်္ဘောရောက်ရှိနေခြင်းသည် တရားမဝင်ဖြစ်ပြီး လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်သီးသန့်စီးပွားရေးဇုန်အတွင်း ရောက်ရှိနေသည့် တရုတ်ကမ်းခြေစောင့်သင်္ဘောကို မောင်းထုတ်ရန်အတွက် ၎င်းတို့၏အကြီးဆုံး စစ်သင်္ဘောနှစ်စင်းကို ဖြန့်ကျက်ချထားခဲ့ကြောင်းဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့ပါသည်။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ကင်းလှည့်မှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများသည် အကျိုးအကြောင်းသင့်လျော်ပြီး တရားဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂူအိုဂျီရာကွန်းက တုံ့ပြန်ပြောကြားခဲ့ပါသည်။

ကိုးကား-NP News