အမေရိကန်တွင် RedNote ပလက်ဖောင်းသုံးစွဲမှု ဆက်တိုက်မြင့်တက်လျက်ရှိ

News Image

  • အမေရိကန်တွင် RedNote ပလက်ဖောင်းသုံးစွဲမှု ဆက်တိုက်မြင့်တက်လျက်ရှိ

Tik Tok ပိတ်သိမ်းမည့်ဥပဒေကို အမေရိကန်တွင် မပြဋ္ဌာန်းသေးမီအချိန်အတွင်း အမေရိကန်ပြည်သူများအကြား Xiaohongshu ဟု လူသိများသော တရုတ်နိုင်ငံထုတ် RedNote ပလက်ဖောင်းသုံးစွဲမှု မြင့်တက် လျက်ရှိနေပြီး ၂ ရက်တာအတွင်း သုံးစွဲသူ ၇ သိန်းကျော် အထိ တိုးများလာလျက်ရှိကြောင်း သိရပါသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့က RedNote ပလက်ဖောင်းတွင် Tik Tok ဒုက္ခသည်များ တိုက်ရိုက်စကားဝိုင်းကို အမေရိကန်ပြည်သူ ၅ သောင်းကျော်နှင့် တရုတ်ပြည်သူတို့ အတူတကွ အသုံးပြု၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ 

RedNoteမှာ လက်ရှိအချိန်တွင်မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ကျော်ဖြင့်လုပ်ငန်းလည်ပတ်လျက်ရှိပြီး ဓာတ်ပုံဖြင့်လည်းကောင်း၊ ဗီဒီယို ဖြင့်လည်းကောင်း၊ စာသားဖြင့်လည်းကောင်း သုံးစွဲသူများ၏ နေ့စဉ်ဘဝအကြောင်းများကို မှတ်တမ်းတင်ခြင်း လုပ်ဆောင်ပေးနိုင်ပါသည်။

RedNote နှင့်အပြိုင် ဒုတိယလူသုံးအများဆုံးမှာ ByteDance ကုမ္ပဏီပိုင် Lemon 8 အက်ပလီကေးရှင်းဖြစ်ပြီး ထိုအက်ပလီကေးရှင်းမှာလည်း ယခင်လအတွင်း က Google Playstore တွင် ဒေါင်းလော့ဒ်ပြုလုပ်မှု သိသိသာသာ မြင့်တက်လာလျက်ရှိပြီး  ဒီဇင်ဘာလတွင် ဒေါင်းလော့ဒ်ပြုလုပ်သူ ၃.၄ သန်းအထိ မြင့်တက်လာကြောင်း သိရှိရပါသည်။ 

ByteDance ကုမ္ပဏီပိုင် Tik Tok သည် တရုတ်နိုင်ငံတွင် Duoyin နှင့် အခြားနိုင်ငံများတွင် Tik Tok ဟူ၍ ဗားရှင်းနှစ်မျိုးအသုံးပြုရသော်လည်း ယခုကျော်ကြားလာသည့် RedNote အက်ပလီကေးရှင်းမှာ မည်သည့်နိုင်ငံတွင်မဆို တူညီသည့် ဗားရှင်းတစ်မျိုးဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား-The Guardian