အစ္စရေး - ဟားမတ်စ် အပစ်ရပ်ရေးသေချာပြီ ဖြစ်ကြောင်း ထရမ့်ကြေညာ
အစ္စရေးနှင့် ဟားမတ်စ်တို့က ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါသည်။
အစ္စရေးနှင့််ဟားမတ်စ်တို့ ဖမ်းဆီးထားသော ဓားစာခံများအတွက် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ကြောင်းနှင့် မကြာမီ လွှတ်ပေးမည်ဖြစ်ကြောင်း ထရမ့်က ၎င်း၏ ကိုယ်ပိုင်ဆိုရှယ်မီဒီယာဖြစ်သည့် Truth Social platform တွင် ဇန်နဝါရီ ၁၆ ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။ မီဒီယာအများအပြား၏ အဆိုအရ ကာတာတွင် အတည်ပြုခဲ့သော သဘောတူညီချက်တွင် ၄၂ ရက်ကြာ အပစ်အခတ်ရပ်စဲရေးနှင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ဂါဇာမှ ဟားမတ်စ်တို့ ဖမ်းဆီးခေါ်ဆောင် သွားသော အစ္စရေးအားလုံးအပါအဝင် အကျဉ်းသား လဲလှယ်ရေးတို့ ပါဝင်ပါသည်။
“အဆိုပါ အမြင့်ဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က နိုဝင်ဘာလတွင် မိမိတို့၏ သမိုင်းဝင်အောင်ပွဲရလဒ်ကြောင့်သာ ဖြစ်လာနိုင်ပါကြောင်း၊ မိမိတို့၏ အုပ်ချုပ်ရေးက အမေရိကန်နှင့် မဟာမိတ်အားလုံး၏ ဘေးကင်းရေးအတွက် ငြိမ်းချမ်းရေးရယူပြီး စေ့စပ်ညှိနှိုင်းပေးမည့် သဘောတူညီချက်များအား ကမ္ဘာကြီးတစ်ခုလုံးကို အချက်ပြလိုက်သည့်အတွက် ဖြစ်ကြောင်း" ထရမ့် က ပြောကြားခဲ့ပါသည်။ ထရမ့်၏ အမျိုးသားလုံခြုံရေးအဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသအား အကြမ်းဖက်ဘေးအန္တရာယ်ကင်းသည့်နေရာအဖြစ် ဖြစ်ပေါ်စေရန်နှင့် နောက်တစ်ကြိမ်ထပ်မဖြစ်စေရန်အတွက် အစ္စရေးနှင့် အမေရိကန်၏ မဟာမိတ်များက ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရွေးကောက်ခံသမ္မတက ပြောကြား ခဲ့ပါသည်။
ထရမ့်၏ အထူးကိုယ်စားလှယ် စတိဝစ်ကော့ဖ် က ဒိုဟာမြို့ ဆွေးနွေးပွဲတွင်ပါဝင်ခဲ့ပြီး သဘော တူညီချက်ကိုလက်ခံရန် အစ္စရေးကိုယ်စားလှယ်အဖွဲ့အား ဆွဲဆောင်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း သိရပါသည်။ “များစွာသော လူပုဂ္ဂိုလ်များ၏ အကူအညီကြောင့် အဆိုပါသဘောတူညီချက်က အောင်မြင်ပြီးအင်အားကြီးသည့် ငြိမ်းချမ်းရေးမူဝါဒကို ပြသနေပါကြောင်း” ဝစ်ကော့ဖ် က အစ္စရေးချယ်နယ် ၁၂ သတင်းဌာနကို ပြောကြားခဲ့ပါသည်။ “အစ္စရေးညှိနှိုင်းရေးအဖွဲ့များ၊ ကာတာနိုင်ငံနှင့် အီဂျစ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ ဘိုင်ဒန်အစိုးရကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အဓိကအားဖြင့် ငြိမ်းချမ်းရေးမူဝါဒဖြင့် အနိုင်ရခဲ့သည့် ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ရှိကြောင်း” ပြောကြား ခဲ့ပါသည်။
ဇန်နဝါရီ ၁၃ ရက်နေ့အစောပိုင်းတွင် ဆွေးနွေးပွဲမှ အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရပါသည်။ ကာတာအုပ်ချုပ်သူ Sheikh Tamim bin Hamad al-Thani ရှိတ်တာမင်ဘင်ဟာမက်အယ်လ် သာနီ က ပါလက်စတိုင်းအဖွဲ့အား သဘောတူညီချက်ကိုလက်ခံရန်စည်းရုံးခဲ့ပြီး ဟားမတ်စ်အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့ပါသည်။
အီဂျစ်နှင့်တူရကီထောက်လှမ်းရေး အကြီးအကဲများက အစ္စရေး၏ မော့ဆက်နှင့် ရှင်ဘက်အဖွဲ့များ၏ အကြီးအကဲများနှင့်အတူ စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ခဲ့ ပါသည်။
ကိုးကား-Myanmar National Post