လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစွာ လုပ်ဆောင်ရန် ဂျပန်နှင့် ဖိလစ်ပိုင်တို့ ကတိပြု
ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အဓိက ပင်လယ် ကုန်သွယ်လမ်းကြောင်းများတွင် တရုတ်၏ လုပ်ရပ်များကို လက်တုံ့ပြန်မှုများ လုပ်ဆောင်နိုင်ရန်အတွက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစွာ လုပ်ဆောင်ရန် ဇန်နဝါရီလ၁၅ ရက်နေ့တွင် ကတိပြုခဲ့ကြကြောင်း သိရပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အာရှတွင် လုံခြုံရေးဆိုင်ရာကတိဝတ်များကို လျှော့ချ လိမ့်မည်ဟု ထင်ကြေးပေးမှုများ ရှိနေသည့်အချိန်တွင် ဂျပန်နှင့်ဖိလစ်ပိုင်တို့၏ ကတိကဝတ်ပြုမှုများ ထွက်ပေါ် လာခြင်းဖြစ်ပါသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှီအိုင်ဝါယာသည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အန်ရိမာနာလိုတို့နှင့် မနီလာမြို့တွင် တွေ့ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာကတိကဝတ်များကို အတည်ပြုခဲ့ကြကြောင်းသိရပါသည်။
တာကာရှီအိုင်ဝါယာနှင့် အန်ရိမာနာလိုတို့သည် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများအပြင် အရှေ့တရုတ်ပင်လယ်၌ တရုတ်၏ နယ်မြေနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့် တောင်းဆိုမှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
တာကာရှီအိုင်ဝါယာက “တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို လက်တုံ့ပြန်သည့်အနေဖြင့် ဂျပန်-ဖိလစ်ပိုင်မိတ်ဖက်ဆက်ဆံရေးကို ပိုမို အားကောင်းစေရေး ဆောင်ရွက်နိုင်ရန် သဘောတူညီ ခဲ့ကြကြောင်း” ပြောကြားခဲ့ပါသည်။
ထို့အပြင် တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွား ကျွန်းများနှင့်ပတ်သက်၍ တရုတ်နှင့်တင်းမာသည့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားနေသော ဖိလစ်ပိုင်၏ ရေကြောင်းဘေးကင်းလုံခြုံရေးစွမ်းရည်များ တိုးမြှင့်ရန်အတွက် အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဟုလည်း တာကာရှီအိုင်ဝါယာက ကတိပြုပြောကြားခဲ့ပါသည်။
ကိုးကား-NP News