ဘောတစ်ပင်လယ်ရှိ အခြေခံ အဆောက်အဦများ ကာကွယ်ရေးအတွက် ရေတပ်စစ်သင်္ဘောများကို ဂျာမနီ စေလွှတ်မည်

News Image

  • ဘောတစ်ပင်လယ်ရှိ အခြေခံ အဆောက်အဦများ ကာကွယ်ရေးအတွက် ရေတပ်စစ်သင်္ဘောများကို ဂျာမနီ စေလွှတ်မည်

ဂျာမနီနိုင်ငံအနေဖြင့်  ဘောတစ်ပင်လယ်ရှိ    အခြေခံအဆောက်အဦများ ကာကွယ်ရေးအတွက် ရေတပ်စစ်သင်္ဘောများကို အဆိုပါပင်လယ်သို့ စေလွှတ်မည် ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အိုလက်ရှို့က ပြောသည်။

ဂျာမနီနိုင်ငံသည် နေတိုးအဖွဲ့၏ မစ်ရှင်သစ်တစ်ခုဖြစ်သည့်   ဘောတစ်ပင်လယ်ရှိ     ရေအောက်ကေဘယ်ကြိုးများနှင့် ပိုက်လိုင်းများ ကာကွယ်ရေးအတွက် တာဝန်ယူရန်အသင့်ရှိကြောင်း ဟယ်ဆင်ကီးမြို့၌    ဇန်နဝါရီလ ၁၄ ရက်က ကျင်းပသည့် နေတိုးထိပ်သီးဆွေးနွေးပွဲတွင်  သတင်းထောက်များကိုပြောသည်။သို့သော် ဘောတစ်ပင်လယ်သို့ ရေတပ်စစ်သင်္ဘောများ စေလွှတ်မည့် အသေးစိတ်အချက်အလက်များကိုမူ နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ဘောတစ်ပင်လယ် လုံခြုံရေးအတွက် Baltic Sentry ဟုအမည်ပေးထားသည့် မစ်ရှင်သစ်တစ်ရပ်ကို ဇန်နဝါရီလ ၁၄ ရက်တွင်  စတင်ခဲ့ပြီး ၎င်းတို့ အနေဖြင့် အဆိုပါပင်လယ်အတွင်းရှိ ရေအောက်ကေဘယ်ကြိုးများနှင့် ပိုက်လိုင်းများပျက်စီးခြင်းကို  တုံ့ပြန်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Baltic Sentry မစ်ရှင်အရ နေတိုးအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဘောတစ်ပင်လယ် အတွင်းသို့ ၎င်းတို့၏စစ်သင်္ဘောများ၊ ရေတပ်သုံးဒရုန်းများနှင့်   ရေကြောင်း ကင်းထောက်လေယာဉ်များကို ဖြန့်ကြက်စေလွှတ်နိုင်မည်ဖြစ်ရာ ၎င်းနိုင်ငံများ၏ ရေတပ်ပါဝင်မှုကိုပါ တိုးမြှင့်ပေးနိုင်ကြောင်း သိရသည်။

Source: Myawady Web Portal