SpaceX ၏ Starship အာကာသယာဉ် ၇ ကြိမ်မြောက် စမ်းသပ်လွှတ်တင်မှု မအောင်မြင်
ကမ္ဘာမြေကိုပတ်ကာ အိန္ဒိယသမုဒ္ဒရာအတွင်း ဆင်းသက်ရန် ရည်ရွယ်၍ SpaceX ကုမ္ပဏီက ၇ ကြိမ်မြောက် စမ်းသပ်လွှတ်တင်ခဲ့သော Starship အာကာသယာဉ်သည် တက္ကဆက်ပြည်နယ်တောင်ပိုင်းမှ ထွက်ခွာပြီးမကြာမီ ပေါက်ကွဲခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက်နေ့တွင် အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။
အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည့် အာကာသယာဉ် အစိတ်အပိုင်းများကြောင့် ဖလော်ရီဒါရှိ လေကြောင်း ခရီးစဉ်အချို့အား ရွှေ့ဆိုင်းခဲ့ရသည်။
အာကာသယာဉ်ပေါက်ကွဲခဲ့သော်လည်း SpaceX သည် Super Heavy booster အား လွှတ်တင်သောနေရာသို့ ပြန်လည်ဆင်းသက်နိုင်ရန် အောင်မြင်စွာ ထိန်းကြောင်းနိုင်ခဲ့သည်။ အဆိုပါ Super Heavy boosterမြေပြင်သို့ ဆင်းသက်နိုင်ရန် Mechazilla မျှော်စင်မှ စက်လက်တံနှစ်ခုဖြန့်ကြက်၍ ဖမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
အာကာသယာဉ်စမ်းသပ်မှု မအောင်မြင်သည့်အခါတွင် ပုံမှန်အားဖြင့် အမေရိကန်ဖက်ဒရယ်လေကြောင်း အုပ်ချုပ်ရေးအဖွဲ့ (Federal Aviation Administration) က စုံစမ်းစစ်ဆေးမှုပြုလုပ်လေ့ရှိသည့်အတွက် Elon Musk ပိုင် SpaceX ကုမ္ပဏီအနေဖြင့် နောက်တစ်ကြိမ် စမ်းသပ်မှုပြုလုပ်နိုင်ရန် အနည်းငယ် စောင့်ဆိုင်းရဖွယ်ရှိသည်။
SpaceX ကုမ္ပဏီသည် Starship ယာဉ်ကို အသုံးပြု၍ လူသားများကို အင်္ဂါဂြိုဟ်သို့ ခေါ်ဆောင်ရန် ရည်မှန်းထားပြီး ၂၀၂၇ ခုနှစ်တွင် အာကာသယာဉ်မှူးများဖြင့် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်ရန် NASA က ရွေးချယ်ခဲ့သည့် ယာဉ်လည်းဖြစ်သည်။
ကိုးကား-CNN