အင်ဒိုနီးရှားသို့ BRAHMOS ဒုံးကျည်များတင်ပို့ရန် အိန္ဒိယနှင့်ရုရှားတို့က သဘောတူ
BRAHMOS ခရုဒုံးကျည်များကို အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည့်အစီအစဉ်တစ်ရပ်ကို အိန္ဒိယနှင့် ရုရှားနိုင်ငံတို့က သဘောတူညီခဲ့ပြီဖြစ်ကြောင်း အိန္ဒိယမီဒီယာတစ်ခုက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖော်ပြခဲ့သည်။
ဒုံးကျည်များရောင်းချမည့် အဆိုပါအစီအစဉ်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဗြန်တိုက အိန္ဒိယနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။
BRAHMOS ခရုဒုံးကျည်များ ဝယ်ယူနိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယ၊ ရုရှားနိုင်ငံတို့နှင့် အနည်းဆုံး ၇ နှစ်ကြာ စေ့စပ်ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးမှုတွင် ရုရှားနိုင်ငံပိုင်ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Rosobo-ronexport လည်းပါဝင်ကြောင်း Hindustan Times က အဆိုပါအရောင်းအဝယ်ကိစ္စနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်၏ပြောကြားချက်ကို ကိုးကား၍ဖော်ပြသည်။
အိန္ဒိယ၊ ရုရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိ အဆိုပါဒုံးကျည်များ ရောင်းချမည့် အစီအစဉ်အား သဘောတူညီပြီးဖြစ်သည်။ လက်နက်ရောင်းချရေးနှင့် စပ်လျဉ်းသည့် တရားဝင်ထုတ်ပြန်ချက်ကို မကြာမီထုတ်ပြန်လာနိုင်သည်။
အင်ဒိုနီးရှားနိုင်ငံသို့ BRAHMOS ခရုဒုံးကျည်များရောင်းချရန် သဘောတူညီချက်သည် အင်ဒိုနီးရှားနိုင်ငံက BRICS အဖွဲ့တွင် တန်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ထုတ်ပြန်ချက်များအရ အဆိုပါဒုံးကျည်များ ဝယ်ယူရန်အတွက် အိန္ဒိယနိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ ချေးငွေပေးအပ်ရန် ကမ်းလှမ်းမည်ဖြစ်ကြောင်း သိရသည်။
N.A RT
Source: Myawady Web Portal