၂၀၂၄ ခုနှစ်တွင် ကမ္ဘာကြီးပူနွေးလာစေသည့် ဓာတ်ငွေ့ ပမာဏ ယခင်နှစ်များထက် ပိုမိုမြင့်တက်ခဲ့
မှတ်တမ်းများအရ လေထုအတွင်းရှိ ကမ္ဘာကြီးပူနွေးစေသည့် ဓာတ်ငွေ့ပမာဏမှာ ယခင်နှစ်ထက် ပိုမို လျင်မြန်စွာ သိသိသာသာမြင့်တက်လာကြောင်း သိပ္ပံ ပညာရှင်များက ပြောကြားခဲ့သည်။
ယခုအခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုပမာဏသည် လူသားများအနေဖြင့် ရုပ်ကြွင်းလောင်စာအမြောက်အမြားကို စတင်အသုံးမပြုမီကထက် ၅၀ % ပိုများလာသည်။
ပြီးခဲ့သည့်နှစ်တွင် ရုပ်ကြွင်းလောင်စာထုတ်လုပ်မှုမှာ စံချိန်တင်မြင့်မားခဲ့ပြီး တောမီးလောင်ခြင်းနှင့် မိုးခေါင်ခြင်းစသည့် အကြောင်းရင်းများကြောင့် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ပိုမိုမြင့်မားလာပြီး ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းဖြစ်သည်။
ကာဗွန်ဒိုင်အောက်ဆိုဒ် အလျင်အမြန် မြင့်တက်လာခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုကို စက်မှုခေတ်မတိုင်မီက အပူချိန်ထက်မကျော်စေရန် ၁.၅ ဒီဂရီဆဲလ် စီးရပ်စ်အတွင်း ကန့်သတ်ထားနိုင်ရေးဟူသော နိုင်ငံတကာကတိကဝတ်များနှင့် ကိုက်ညီမှုမရှိဟု Met Office (UK's national meteorological service) က ပြောကြားခဲ့သည်။
အပူချိန်ကို ၁.၅ ဒီဂရီဆဲလ်စီးရပ်စ်တွင် ကန့်သတ်ရေးရည်မှန်းချက်မှာ ရာသီဥတုဖောက်ပြန်မှု၏ အဆိုးရွားဆုံးသက်ရောက်မှုများကို ရှောင်ရှားနိုင်ရန် ရည်ရွယ်၍ ၂၀၁၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပခဲ့သော ကုလသမဂ္ဂအစည်းအဝေးတွင် နိုင်ငံပေါင်း ၂၀၀ နီးပါးက သဘောတူထားရှိခဲ့သည့် ရည်မှန်းချက်ပန်းတိုင်လည်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သည့် မှတ်တမ်းအရ ၂၀၂၄ ခုနှစ်သည် စံချိန်တင်အပူဆုံးနှစ်ဖြစ်ခဲ့ပြီး နှစ်စဉ်ပျမ်းမျှအပူချိန်သည် စက်မှုခေတ်မတိုင်မီကအပူချိန်ထက် ၁.၅ ဒီဂရီဆဲလ်စီးရပ်စ် ပိုမို မြင့်တက်လာကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီဆဲလ်စီးရပ်စ်ထက်မကျော်စေရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် မြင့်တက်မှုပမာဏ နှေးကွေးရန်လိုအပ်သော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း Met Officeမှ Richard Bettsက ဆိုသည်။
ကိုးကား-BBC