ဖိလစ်ပိုင်နှင့် အမေရိကန်တို့က တောင်တရုတ်ပင်လယ်အတွင်း ပဉ္စမအကြိမ်အဖြစ် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်
ဖိလစ်ပိုင်နှင့်အမေရိကန်ပြည်ထောင်စုတို့သည် တောင်တရုတ်ပင်လယ်အတွင်းပဉ္စမအကြိမ်အဖြစ် ရေတပ်စစ်ရေးလေ့ကျင့်မှုများကို ပူးတွဲလုပ်ဆောင်ခဲ့ကြောင်းဖိလစ်ပိုင်နိုင်ငံက ဇန်နဝါရီလ ၁၉ ရက်တွင်ထုတ်ပြန်သည်။
နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်က ထုတ်ပြန်သည်။
ယခုလုပ်ဆောင်ခဲ့သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် ဖိလစ်ပိုင်နှင့်အမေရိကန်တို့ကြား ယခုနှစ်အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများစတင်သည့် ၂၀၂၃ ခုနှစ်မှစ၍ ပဉ္စမအကြိမ်ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နှင့် အမေရိကန်တို့ကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများသည်ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက်တွင် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး အမေရိကန်တပ်များအား ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ စစ်အခြေစိုက်စခန်းများအားအသုံးပြုခွင့်ကိုပါ ပေးအပ်ထားသည်။
အဆိုပါရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ရေတပ်မှ Carl Vinson လေယာဉ်တင် သင်္ဘောပါဝင်သည့် တိုက်ခိုက်ရေးအဖွဲ့၊ ဒုံးကျည်တပ်ဖျက်သင်္ဘောနှစ်စင်း၊ ရဟတ်ယာဉ်နှစ်စင်းနှင့် F-18 Hornet စစ်လေယာဉ်တစ်စင်းပါဝင်သည်။
ထို့ပြင် အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံကြား ရေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်စစ်ဆင်နိုင်မှုတို့ကို တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ကပြောကြားထားကြောင်း သိရသည်။
Source: Myawady Web Portal