Titok အသုံးပြုမှုပိတ်ပင်ခြင်းကို ရက်ပေါင်း ၉၀ ကြာ သက်တမ်းတိုးနိုင်ဖွယ်ရှိဟု ထရမ့်ပြော
အမေရိကန်အနေဖြင့် TikTok အသုံးပြုမှုပိတ်ပင်ခြင်းကို ရက်ပေါင်း ၉၀ ကြာသက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်း သမ္မတသစ်အဖြစ် တက်ရောက်လာသည့် ဒေါ်နယ်ထရမ့်ကပြောသည်။
အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ မိမိအနေဖြင့် ဆုံးဖြတ်ချက်တစ်ရပ်ကို အပြီးသတ်ချမှတ်ရခြင်း မရှိသေးသော်လည်းဇန်နဝါရီလ ၁၉ ရက်တွင် အပြီးသတ်ဆုံးဖြတ်မည်ဖြစ်ကြောင်း ထရမ့်က NBCသတင်းဌာနနှင့် ဇန်နဝါရီလ ၁၈ ရက်ကတယ်လီဖုန်းမှတစ်ဆင့် ပြုလုပ်သည့်မေးမြန်းခန်းတစ်ခုတွင်ပြောခြင်းဖြစ်သည်။
ထို့ကြောင့် TikTok အသုံးပြုမှု ပိတ်ပင်ခြင်းကို ရက်ပေါင်း ၉၀ ကြာ သက်တမ်းတိုးခြင်းအား အမေရိကန်က ဇန်နဝါရီလ၂၀ ရက်တွင် ထုတ်ပြန်နိုင်ဖွယ်ရှိသည်။
အမေရိကန်အစိုးရအနေဖြင့် အဆိုပါကိစ္စရပ်အား သတိထားဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းကိစ္စရပ်သည် အလွန်အရေးကြီး သည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း၎င်းကဆက်ပြောသည်။
TikTok ၏ မိခင်ကုမ္ပဏီဖြစ်သည့် ByteDance အနေဖြင့် အမေရိကန်မဟုတ်သည့် ကုမ္ပဏီတစ်ခုသို့ TikTok အား ရက်ပေါင်း၂၇၀ ကြာ ရောင်းချရန် အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုထားသည့် မူကြမ်းတစ်ရပ်ကို သမ္မတဟောင်းဂျိုးဘိုင်ဒင်က ၂၀၂၄ ခုနှစ် ဧပြီလအတွင်း၌လက်မှတ်ရေးထိုးခဲ့သည်။
Byte Dance အနေဖြင့် TikTok အပလီကေးရှင်းအား အမေရိကန်ကုမ္ပဏီတစ်ခုသို့ရောင်းချရန် အမေရိကန်တရားရုံးချုပ်ကဇန်နဝါရီလ ၁၈ ရက်တွင် တောင်းဆိုလိုက်ပြီး လိုက်နာခြင်းမရှိပါက TikTok အသုံးပြုမှုကို အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံး၌ တားမြစ်ပိတ်ပင်မည်ဟု တရားရုံးက ဆက်လက်ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုအတွင်းရှိ လူဦးရေ သန်း ၁၇၀ ခန့်သည် TikTok အပလီကေးရှင်းအား ဇန်နဝါရီလ ၁၉ ရက်မှစ၍ ယာယီအသုံးပြုနိုင်မည်မဟုတ်ဟု အဆိုပါကုမ္ပဏီက အပလီကေးရှင်းအသုံးပြုသူများအား ဇန်နဝါရီလ ၁၈ ရက်နှောင်းပိုင်းတွင် အသိပေးခဲ့ကြောင်းသိရသည်။
Source: Myawady Web Portal