တူကီယဲနိုင်ငံ၌ နှင်းလျှောစီးအပန်းဖြေစခန်းရှိ ဟိုတယ်တစ်လုံး မီးလောင်မှုဖြစ်ပွား၊ ၇၅ ဦး အနည်းဆုံး သေဆုံး

News Image

  • တူကီယဲနိုင်ငံ၌ နှင်းလျှောစီးအပန်းဖြေစခန်းရှိ ဟိုတယ်တစ်လုံး မီးလောင်မှုဖြစ်ပွား၊ ၇၅ ဦး အနည်းဆုံး သေဆုံး

အန်ကာရာ   ဇန်နဝါရီ ၂၂

တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်း ဘိုလုပြည်နယ်ရှိ နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခု၌ ဟိုတယ်တစ်လုံး မီးလောင်ခဲ့ရာ ၇၆ ဦးအနည်းဆုံး သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တူကီယဲအစိုးရအရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ယနေ့ သတင်းဖော်ပြသည်။

ဟိုတယ်သည် အထပ်ပေါင်း ၁၂ ထပ်ရှိပြီး သစ်သားဖြင့် ပြုလုပ်ထားသည့် အဆောက်အအုံတစ်ခုဖြစ်သည်။

အခင်းဖြစ်ပုံမှာ ဇန်နဝါရီ ၂၁ ရက် ဒေသစီတော်ချိန်နံနက် ၃ နာရီ ၂၇ မိနစ်တွင် အထပ် ၁၂ ထပ်တွင်ရှိသည့် စားသောက်ခန်းမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားအထပ်များသို့ ကူးစက်‌လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးသတ်သမားများသည် ၁၂ နာရီကျော်ကြာမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ်အတွင်း အဆိုပါ ဟိုတယ်၌တည်းခိုသည့် ဧည့်သည် ၂၃၀ ‌ကျော် ရှိသည်။ မြို့တော် အန်ကာရာနှင့် အစ္စတန်ဘူလ်တို့မှ မိသားစုအများအပြား နှင်းလျှောစီးရန်လာရောက်ချိန်ဖြစ်ကြောင်းလည်း သိရသည်။

မီးလောင်ကျွမ်းမှုမှ လွတ်မြောက်ရန်အတွက် တည်းခိုသည့် ဧည့်သည်အချို့သည် ပြတင်းပေါက်မှ ခုန်ချခဲ့ကြောင်းနှင့် အဆိုပါဟိုတယ်သည် ချောက်ကမ်းပါးတွင် တည်ရှိသည့်အတွက် မီးငြှိမ်းသတ်ရန် ခက်ခဲကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဟိုတယ်ပိုင်ရှင်အပါအဝင် ကိုးဦးကို ဖမ်းဆီးထားပြီး မီးလောင်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

Source: ကြေးမုံသတင်းစာ