၂၀၂၄ ခုနှစ်တွင် ရုရှားမှတရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်တင်ပို့မှု ၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်
၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံမှတရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း တရုတ်အထွေထွေအကောက်ခွန်စီမံခန့်ခွဲရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်ရှိတွင် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်တင်ပို့နေသည့်နိုင်ငံများအနက် တတိယနေရာတွင် ရပ်တည်နေခဲ့ပြီး ရေနံစိမ်းတင်ပို့မှုတွင် ထိပ်တန်းနိုင်ငံဖြစ်လာခဲ့ကြောင်း တရုတ်အထွေထွေ အကောက်ခွန်စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်းမှာပင် ရုရှားနိုင်ငံမှ ရေနံစိမ်းတစ်ရက်လျှင် စည်ပေါင်း ၂ ဒသမ ၁၇ သန်းတင်ပို့ခဲ့ရာ ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်ကပမာဏနှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာသည်။
ရုရှားနှင့်တရုတ်နိုင်ငံတို့သည် စွမ်းအင်တင်သွင်းမှုကို ဆိုက်ဘေးရီးယားပိုက်လိုင်းမှတစ်ဆင့် တိုးမြှင့်လုပ်ဆောင်လျက်ရှိသည့်အပြင် မွန်ဂိုလီးယားမှတစ်ဆင့် တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရုရှားအစိုးရက အစောပိုင်းတွင်ထုတ်ပြန်ထားသည်။
လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် ရုရှားနိုင်ငံမှ တရုတ်သို့တင်ပို့သည့် သဘာဝဓာတ်ငွေ့ပမာဏကို တစ်နှစ်လျှင် ၈၅ ဘီလီယံကုဗမီတာအထိ တိုးမြှင့်ရန်စီစဉ်ထားသည်။ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရာတွင် ပိုက်လိုင်းများမှသော်လည်းကောင်း၊ လောင်စာဆီတင် သင်္ဘောများဖြင့်သော်လည်းကောင်း လုပ်ဆောင်ရန်စီစဉ်လျက်ရှိသည်။
တရုတ်နိုင်ငံသည် လက်ရှိတွင် ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့အများစုကို ဆိုက်ဘေးရီးယားပိုက်လိုင်းမှတစ်ဆင့်တင်သွင်းလျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် နိုင်ငံအတွင်းသို့ သဘာဝဓာတ်ငွေ့ တင်သွင်းနိုင်မှုပမာဏကို တိုးမြှင့်ရန်ကြိုးပမ်းလျက်ရှိသည်။
Source: Myawady Web Portal