နှစ်နိုင်ငံကြား နိုင်ငံသုံးငွေကြေးလဲလှယ်ရေးသဘောတူညီချက်အား တရုတ်နှင့်သီရိလင်္ကာ သက်တမ်း ထပ်မံတိုးမြှင့်
တရုတ်နှင့် သီရိလင်္ကာနိုင်ငံတို့သည် နှစ်နိုင်ငံကြား နိုင်ငံသုံးငွေကြေးလဲလှယ်ရေး သဘောတူညီချက်အားသက်တမ်းထပ်မံတိုးမြှင့်လိုက်ကြောင်းသိရသည်။
နှစ်နိုင်ငံကြားနိုင်ငံသုံးငွေကြေးလဲလှယ်ရေးသဘောတူညီချက်သက်တမ်းတိုးခြင်းကို တရုတ်ဗဟိုဘဏ်နှင့် သီရိလင်္ကာဗဟိုဘဏ်တို့ကြား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လဲလှယ်ရန်သဘောတူထားသည့်စုစုပေါင်းတန်ဖိုးမှာ ယွမ် ၁၀ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံ) သို့မဟုတ် သီရိလင်္ကာရူပီး ၄၁၀ ဘီလီယံဖြစ်ကြောင်း တရုတ်ဗဟိုဘဏ်က ထုတ်ပြန်သည်။
အဆိုပါနိုင်ငံသုံးငွေကြေးလဲလှယ်ရေးသဘောတူညီချက်သည် သက်တမ်းအားဖြင့်သုံးနှစ်ဖြစ်ပြီး နှစ်နိုင်ငံစလုံး၏ သဘောတူညီမှုဖြင့် ထပ်မံသက်တမ်းတိုးနိုင်ကြောင်း တရုတ်ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တရုတ်နှင့် သီရိလင်္ကာနိုင်ငံတို့ကြား ယခုသက်တမ်းထပ်မံတိုးခဲ့သည့် နိုင်ငံသုံးငွေကြေးလဲလှယ်ရေးသဘောတူညီချက်သည် နှစ်နိုင်ငံကြားလုပ်ဆောင်သည့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေနိုင်ပြီးယွမ်နှင့် သီရိလင်္ကာရူပီးငွေကြေးများ အသုံးပြုမှုကိုပါတိုးမြှင့်ပေးနိုင်သည့်အပြင်နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုတို့ကိုပါပိုမိုလွယ်ကူစေနိုင်ကြောင်း သိရသည်။
Source: Myawady Web Portal