အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg အား ရက်ပေါင်း ၁၀၀ အတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် တာဝန်ပေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg အား ရက်ပေါင်း ၁၀၀ အတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် တာဝန်ပေးထားကြောင်း သိရှိရပါသည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg ၏ အခန်းကဏ္ဍသည် သမ္မတ ထရမ့် ကိုယ်တိုင်ကြီးကြပ်ရန် ရည်ရွယ်ထားသည့် ငြိမ်းချမ်းရေးစေ့စပ် ညှိနှိုင်းမှုတွင် ကနဦးခြေလှမ်းဖြစ်ဖွယ်ရှိကြောင်း သိရှိရပါသည်။ သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် သဘောတူညီချက်တစ်ခုရရှိရန် ဒေါ်နယ်ထရမ့် က ၎င်း၏မဲဆွယ်စည်းရုံးရေးကာလအတွင်း ကတိပြုထားသည်ထက် ပိုမိုခက်ခဲကြောင်း ထင်ရှားနေပါသည်။ ရုရှားသည် Kellogg နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမာပူတင် အကြားနားလည်မှုသည် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းကာလအတွင်းတွင် အမေရိကန်-ရုရှားဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေနိုင်ကြောင်း ရုရှားဘက်မှခန့်မှန်းထားသည်။ ခေါင်းဆောင်နှစ်ဦးစလုံးက ၎င်းတို့သည် ပုဂ္ဂိုလ်ရေးအရ စကားပြောဆိုခြင်း မရှိသေးသော်လည်း မကြာမီစကား ပြောဆိုမှုပြုလုပ်ရန် ကတိပြုထားကြောင်း ပြောကြားခဲ့ပါသည်။
Kellogg ၏ အဓိကအစီအစဉ်သည် ယူကရိန်း၏ နေတိုးအဖွဲ့ဝင်ဖြစ်မှုကို နှောင့်နှေးစေပြီး ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းအတွက် ရုရှားနိုင်ငံအား အပြန်အလှန်အားဖြင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ သက်သာခွင့်ပေးရန် အကြံပြုထားသည်။ ယူကရိန်းအစိုးရသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန်ငြင်းဆိုပါက ဝါရှင်တန်က ကိယက်ဗ်ကို စစ်ရေးအကူအညီရပ်ဆိုင်းရန်လည်း အဆိုပြုထားပါသည်။ ယူကရိန်းသမ္မတ ဇီလန်စကီးသည် ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် လိုလားနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယုံကြည်ထားပါသည်။ သို့သော် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားသမ္မတပူတင်က ညှိနှိုင်းရန်ငြင်းဆိုပါက ဒေါ်နယ်ထရမ့်သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်နိုင်ပါသည်။
အစောပိုင်းသတင်းများအရ ဒေါ်နယ်ထရမ့်၏အဖွဲ့သည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံညှိနှိုင်းရန် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့ပါသည်။ ထို့အပြင် ရုရှားအစိုးရသည် ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန်အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။
ကိုးကား - The Wall Street Journal (WSJ)