၂၀၂၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ ရုပ်ကြွင်းလောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အနိမ့်ဆုံးအဆင့်သို့ရောက်ရှိ
ပြင်သစ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်နျူကလီးယားနှင့်ရေအားလျှပ်စစ်စွမ်းအင်အရင်းအမြစ်များကို အသုံးပြုခြင်းအားဖြင့် နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားစုစုပေါင်း၏ ၉၅ ရာခိုင်နှုန်း ထုတ်လုပ်ပေးနိုင်ခဲ့ခြင်းကြောင့် ရုပ်ကြွင်းလောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အနိမ့်ဆုံးအဆင့်သို့ရောက်ရှိလာသည်။
ပြင်သစ်အစိုးရသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ကျသည့် အရင်းအမြစ်များမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံအတွင်းရှိ နျူကလီးယားစွမ်းအင်စက်ရုံအချို့ကို၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ပြီး ယင်းစက်ရုံများကို ၂၀၂၄ ခုနှစ်တွင် ပြန်လည်အသုံးပြုခဲ့ရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ၁၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။
ထို့ပြင် နိုင်ငံအတွင်းပြီးခဲ့သည့်နှစ်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းသည်ရေအားလျှပ်စစ်ထုတ်လုပ်မှုကိုထူးခြားစွာမြင့်တက်လာစေခဲ့သည်။ ထို့ကြောင့်ပြင်သစ်နိုင်ငံ၏ ရုပ်ကြွင်းလောင်စာများကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် ၂၀၂၄ ခုနှစ်တွင် ၁၉၅၀ ပြည့်နှစ် များမှစ၍ အနိမ့်ဆုံးအဆင့်သို့ရောက်ရှိလာခဲ့သည်။
ပြင်သစ်နိုင်ငံတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်သည့် အရင်းအမြစ်မှာ ကျောက်မီးသွေးဖြစ်ရာ နိုင်ငံအတွင်းရှိ ကျောက်မီးသွေးဖြင့် စွမ်းအင်ထုတ်လုပ်သည့်စက်ရုံများကို လာမည့် ၂၀၂၇ ခုနှစ်တွင် ပိတ်ပစ်ရန် အစိုးရကစီစဉ်ထားသည်။
Source: Myawady Web Portal