နျူကလီးယားလက်နက်များလျှော့ချမည့်အကြံအစည်ကို ပူတင်ထောက်ခံဟု ထရမ့်ပြော

News Image

  • နျူကလီးယားလက်နက်များလျှော့ချမည့်အကြံအစည်ကို ပူတင်ထောက်ခံဟု ထရမ့်ပြော

နျူကလီးယားလက်နက်များလျှော့ချမည့် အမေရိကန်၏အကြံအစည်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ထောက်ခံကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

အမေရိကန်အစိုးရအနေဖြင့် နျူကလီးယားလက်နက်များလျှော့ချနိုင်ရေးအတွက် ရုရှား၊ တရုတ်နိုင်ငံတို့နှင့် တွေ့ဆုံဆွေး‌နွေးနိုင်မည်ဟုမျှော်လင့်ကြောင်း၊   ယင်းအစီအစဉ်ကို   ပူတင်က ထောက်ခံကြောင်းထရမ့်က ဆွစ်ဇာလန်နိုင်ငံ    ဒါဗို့မြို့၌ဇန်နဝါရီလ ၂၃  ရက်တွင်  ကျင်းပသည့်ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားခြင်းဖြစ်သည်။

ရုရှားသမ္မတ ပူတင်အနေဖြင့် နျူကလီးယားလက်နက်အရေအတွက်ကို လျှော့ချရန်ဆန္ဒရှိမည်ဖြစ်ကြောင်း၊    ထိုနည်းတူ မိမိအနေဖြင့်လည်း ထိုသို့လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ထရမ့်က အဆိုပါဖိုရမ်တွင် ဆက်လက်ပြောကြားသည်။

ရုရှားနှင့် အမေရိကန်တို့ကြား ဖြန့်ကြက်ထားသည့် မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးများကို ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးအဆင့်သို့လျှော့ချရန် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်သည်လာမည့် ၂၀၂၆ ခုနှစ်တွင်  သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင်နျူကလီးယားလက်နက်များကို အများဆုံးပိုင်ဆိုင်ထားသော်လည်း သမ္မတပူတင်အပါအဝင် ရုရှားအစိုးရအဖွဲ့မှ အရာရှိများက    ယင်းလက်နက်များအား နောက်ဆုံးမဖြစ်မနေ အသုံးပြုရန်လိုအပ်မှသာ  အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့ပြင် ရုရှားသမ္မတ  ပူတင်အနေဖြင့် အမေရိကန်သမ္မတ ထရမ့်နှင့်တွေ့ဆုံရန်အသင့်ရှိကြောင်း ရုရှားအစိုးရက ဇန်နဝါရီ လ ၂၄ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။

Source: Myawady Web Portal