AI နည်းပညာ တပ်ဆင်ထားသည့် ဒုံးကျည်များကို အီရန်အောင်မြင်စွာစမ်းသပ်ပစ်ခတ်
အီရန်တပ်မတော်သည် စစ်ရေးလေ့ကျင့်မှုအတွင်း ဉာဏ်ရည်တုနည်းပညာ (AI) တပ်ဆင်ထားသည့် ဒုံးကျည်များကိုအောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်းသိရသည်။
အီရန်ရေတပ်ဖွဲ့သည် Qaem နှင့် Almas ဒုံးကျည်များကို Great Prophet Authority 19 ဟုအမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှု၏ နောက်ဆုံးနေ့ဖြစ်သည့် ဇန်နဝါရီလ ၂၆ရက်တွင် ပစ်ခတ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ အီရန်သည် အဆိုပါစစ်ရေးလေ့ကျင့်မှုကိုယခုလအစောပိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိပေ။
AI နည်းပညာသုံး အဆိုပါဒုံးကျည်များသည် ဒရုန်းများမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးကျည်များကို အီရန်က အဆင့်မြှင့်တင်ထားသည့် အခြားလက်နက်စနစ်များနှင့်အတူ ထုတ်ဖော်ပြသ၍ စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Qaem ဒုံးကျည်သည် အနီအောက်ရောင်ခြည်၊ လေဆာ သို့မဟုတ် ရုပ်သံမှတစ်ဆင့် ပဲ့ထိန်းနိုင်ပြီး အလေးချိန်အားဖြင့် ၈.၅ ကီလိုဂရမ်ရှိ ထိပ်ဖူးများကို အကွာအဝေး ၄၅ ကီလိုမီတာအထိ ပစ်ခတ်နိုင်သည်။ ထို့အတူ Almas ဒုံးကျည်သည် သံချပ်ကာဖျက်ဒုံးအမျိုးအစားတစ်ခုဖြစ်ပြီး အကွာအဝေးအားဖြင့် ၈ ကီလိုမီတာသို့သာပစ်ခတ်နိုင်သည့် ပေါက်ကွဲအားကိုပြင်းထန်စွာ ဖြစ်ပေါ်စေနိုင်သည့် ထိပ်ဖူးများအားတပ်ဆင်ထားခြင်းဖြစ်သည်။
Source: Myawady Web Portal