ယူကရိန်းက အီးယူနှင့် နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်မည်မဟုတ်ဟု ဆလိုဗက်ကီးယားဝန်ကြီးချုပ်ပြော
ယူကရိန်းနိုင်ငံအနေဖြင့် အီးယူအဖွဲ့သို့ ဝင်ရောက်နိုင်ရေးကြိုးပမ်းမှုသည် အောင်မြင်မှုမရှိဘဲ နေတိုးအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်လာနိုင်ဖွယ်မရှိကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုက ပြောကြားလိုက်သည်။
နိုင်ငံရေးသမားအချို့၏ မကြာမီကပြောဆိုချက်များအရ ယူကရိန်းက အီးယူအဖွဲ့ဝင် နိုင်ငံဖြစ်လာရေး ကြိုးပမ်းမှုသည် ပြဿနာအများအပြားနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိပြီး ယူကရိန်းအစိုးရက နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်ရေးကြိုးပမ်းမှုသည် လက်ရှိဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်း ပဋိပက္ခ၏ အခြေခံအကြောင်းရင်းဖြစ်ကြောင်း ဖီကိုက ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ယူကရိန်းက ရုရှားနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုအပေါ် ကန့်ကွက်နေခြင်းသည် ပဋိပက္ခကို ပိုမိုကြာမြင့်စေကြောင်း ဖီကိုက ပြောကြားထားပြီး ယူကရိန်းအစိုးရ၏ မူဝါဒများအပေါ် ၎င်းကပြစ်တင်ဝေဖန်ထားသည်။ ထို့ပြင် အနောက်နိုင်ငံများသည် ယူကရိန်းကိုအသုံးချ၍ ရုရှားနိုင်ငံအား အားနည်းစေရန်ကြိုးပမ်းလျက်ရှိသည်ဟု ၎င်းကစွပ်စွဲထားသည်။
လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခတွင် ရုရှားက အရှုံးပေးမည်မဟုတ်ဘဲ နောက်ဆုံးတွင် ယူကရိန်းကသာ အနောက်နိုင်ငံများ၏ အလျှော့ပေးရေးဖိအားပေးမှုကြောင့် အရှုံးပေးရမည်ဖြစ်ကြောင်း ဖီကိုကဆက်လက်ပြောကြားသည်။
Source: Myawady Web Portal