ထရမ့်က ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံလုပ်လာနိုင်သဖြင့် ရုရှားစီးပွားရေးအတွက် ပူတင် စိုးရိမ်မှု တိုးလာ
ရုရှား-ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်လာနေသည်ကို သမ္မတ ပူတင် စိုးရိမ်စပြုနေကြောင်း၊ ထိုသို့စီးပွားရေးယိုင်နဲ့လာခြင်းကြောင့် ယူကရိန်း ပဋိပက္ခအဆုံးသတ်ရေးကို ဆွေးနွေးညှိနှိုင်းလာနိုင်ဖွယ်ရှိကြောင်းနှင့် လက်ရှိကြုံတွေ့နေရသော စီးပွားရေးအကြပ်အတည်းများနှင့်ပတ်သက်၍ ကရင်မလင် အစည်းအဝေးတွင် အစိုးရအဖွဲ့ဝင်များအား အပြစ်တင်နေကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောကြားထားပါသည်။
ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်သစ်များဖြင့် ထရမ့်၏ ဖိအားပေးလာနိုင်မှုကြောင့် စစ်ပွဲအတွင်း ယိုင်နဲ့လာသည့် ရုရှားနိုင်ငံ၏ စီးပွားရေးအပေါ် သမ္မတ ဗလာဒီမာပူတင်က စိုးရိမ်နေကြောင်း ခိုင်မာသော သတင်းရင်းမြစ် ၅ ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
၂၀၂၂ ခုနှစ်တွင် ရုရှား-ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီးနောက် အနောက်နိုင်ငံများက ရုရှားအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်းရုရှားနိုင်ငံသည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုများ တင်ပို့မှုကြောင့် လွန်ခဲ့သည့် ၂ နှစ် အတွင်း စီးပွားရေး ခိုင်မာတောင့်တင်းလာခဲ့သည်။
သို့သော် ရုရှားနိုင်ငံအနေဖြင့် ငွေကြေးဖောင်းပွမှုကြောင့် စစ်ရေးအသုံးစရိတ်မြင့်တက်လာပြီး မကြာသေးမီလများအတွင်း ငွေကြေးဖောင်းပွမှုပြဿနာကို ဖြေရှင်းရာတွင် အတိုးနှုန်းမြင့်တက်မှုများနှင့် ပြည်တွင်းလုပ်သားရှားပါးမှုကြောင့် ပြည်တွင်းရှိလုပ်ငန်းများ ထိခိုက်လာသည်။
ဇန်နဝါရီ ၂၀ ရက်က အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည့် သမ္မတသစ် ထရမ့်က “ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အကြီးမားဆုံး ယူကရိန်းပဋိပက္ခကို အမြန်ဖြေရှင်းသွားမည်ဖြစ်ကြောင်း” ကတိပြုခဲ့ပါတယ်။ “ယူကရိန်းနှင့် ပဋိပက္ခအဆုံးသတ်ရေးကို ဆွေးနွေးမှုမပြုလုပ်မချင်း ရုရှားအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် အခွန်နှုန်းများ တိုးလာဖွယ်ရှိကြောင်း” ထရမ့်ကပြောကြားခဲ့ပြီး “ရုရှားသည် စီးပွားရေးစစ်ပွဲကိုလည်း ရင်ဆိုင်နေရကြောင်း" ထပ်လောင်းပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ယခုအချိန်အထိ သီးခြားအဆိုပြုထားခြင်း မရှိသေးကြောင်း ကရင်မလင် အကြီးတန်း လက်ထောက်တစ်ဦးက ဇန်နဝါရီ ၂၁ ရက် တွင် ပြောကြားခဲ့ပါသည်။
“ရုရှားအနေဖြင့် ပဋိပက္ခကို အဆုံးသတ်ရန်အတွက် သံတမန်နည်းလမ်းအရ စေ့စပ်ညှိနှိုင်းရန် စိတ်ဝင်စားပါကြောင်း” ရုရှားဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း Oleg Vyugin က ပြောကြားခဲ့ပြီး စစ်ရေးနှင့်ကာကွယ်ရေးအသုံးစရိတ်များ အလွန်အကျွံသုံးစွဲရမှုကြောင့် ရုရှားနိုင်ငံ၏ စီးပွားရေးပြိုလဲနိုင်သည့် အန္တရာယ်ရှိကြောင်းကိုလည်း အင်တာဗျူးတစ်ခုတွင် ပြောကြားထားပါသည်။
ကိုးကား-Reuters