တာလီဘန်ခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ရန် ICC စုံစမ်းစစ်ဆေးရေးအရာရှိများ တောင်းဆို
အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ညှဉ်းပန်းနှိပ်စက်သည်ဟု စွပ်စွဲခံထားရသော အာဖဂန်နစ္စတန်မှ တာလီဘန်ခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) စုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦးက ပြောကြားလိုက်ပါသည်။
စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်အပြီးတွင် ICC စုံစမ်း စစ်ဆေးရေးမှူးချုပ် Karim Khan ကအဆိုပါ ဝရမ်းရရန် လျှောက်ထားမှုကို ဇန်နဝါရီ ၂၃ ရက်နေ့က ကြေညာခဲ့ပါသည်။
ဖမ်းဝရမ်းထုတ်ရန်လျှောက်ထားခံရသူနှစ်ဦးမှာ တာလီဘန် ထိပ်တန်းခေါင်းဆောင် Haibatullah Akhundzada နှင့် တရားသူကြီးချုပ် Abdul Hakim Haqqani တို့ဖြစ်ကြောင်း မစ္စတာ Khan က ပြောပါသည်။
၎င်းတို့နှစ်ဦးသည် ကျားမရေးရာအရ နှိပ်စက်ညှဉ်းပန်းမှုလုပ်ခဲ့သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် ရာဇ၀တ်မှုဆိုင်ရာအရ ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်များရှိကြောင်း မစ္စတာ Khan က ပြောကြားခဲ့ပါသည်။
ဖြစ်ပျက်နေဆဲ နှိပ်စက်ညှဉ်းပန်းမှုများသည် နိုင်ငံတကာဥပဒေနှင့် ဖီလာဆန့်ကျင်နေပြီး ကျူးလွန်ခံရသူများ၏ အခြေခံအခွင့်အရေးထိခိုက်ဆုံးရှုံးမှုများ ဆိုးရွားစွာဖြစ်စေကြောင်း မစ္စတာ Khan က ပြောသည်။ ဖိနှိပ်ခံရသည့်အချက်များ၌ ပညာရေးနှင့်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ပါဝင်ကြောင်း ၎င်းကဆိုသည်။
အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးများအပြင် LGBTQI+ အသိုက်အဝန်းသည်လည်း တာလီဘန်တို့၏ ဆက်တိုက်ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း လျှောက်ထားမှုတွင် အတည်ပြုထားသည်ဟု စုံစမ်းစစ်ဆေးရေးမှူးချုပ်က ပြောကြားခဲ့ပါသည်။
ICC တရားသူကြီးများက ဖမ်းဝရမ်းထုတ်နိုင်ရေးဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးရေးအရာရှိများတင်သွင်းသည့်အထောက်အထားများကို စတင်လေ့လာ သုံးသပ်လျက်ရှိကြောင်း သိရှိရပါသည်။
ကိုးကား-NHK World
Photo: X