ယူကရိန်းပဋိပက္ခအလွန် ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ရန် ထရမ့် ဆန္ဒမရှိ
လက်ရှိဖြစ်ပွားနေသော ယူကရိန်း၏ ပဋိပက္ခများ ပြေလည်မှုများရရှိပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ရန် ထရမ့်၏ အစိုးရအဖွဲ့က စိတ်ဝင်စားမှုမရှိကြောင်း Bloomberg က ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဖော်ပြထားသည်။
ထရမ့်၏ အစိုးရအဖွဲ့သည် နိုင်ငံပြန်လည်တည်ဆောက်ရေးတွင် တိုက်ရိုက်ပါဝင်ရန် ရည်မှန်းထားခြင်းမရှိကြောင်းနှင့် ယင်းတာဝန်ကို ပုဂ္ဂလိကကဏ္ဍမှ ကိုင်တွယ်မည်ဟု အကြီးတန်းသံတမန်တစ်ဦး၏ ပြောဆိုမှုကိုကိုးကား၍ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပဋိပက္ခစတင်ခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ ကိယက်ဗ်သို့ စစ်ရေးအကူအညီ ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် အသုံးပြုခဲ့ပြီး ဖြစ်စဉ်အလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း ထပ်မံပံ့ပိုးမည်ဟုချမှတ်ခဲ့သည့် ဂျိုးဘိုင်ဒင် ဦးဆောင်သော အစိုးရအဖွဲ့၏ မူဝါဒများနှင့် ဆန့်ကျင်လျက်ရှိနေသည်။
ယူကရိန်း၏ စီးပွားရေး လက်ထောက်ဝန်ကြီး Aleksey Sobolev က ရင်းနှီးမြှုပ်နှံသူများအတွက် မဟာဗျူဟာနှင့်ဘဏ္ဍာရေး အကျိုးကျေးဇူးနှစ်မျိုးလုံးကို ဆောင်ကြဉ်းရန် ရည်ရွယ်သည့် ဒေါ်လာ ဘီလီယံ ၅၀၀ တန်ဖိုးရှိသည့် ပြန်လည်တည်ဆောက်ရေးပဏာမအစီအစဉ်ကို အကြမ်းဖျင်း ဖော်ပြခဲ့သည်။
ထရမ့် ဦးဆောင်သောအမေရိကန်အစိုးရအဖွဲ့က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ် အဆိုပြုချက်တွင် လက်ရှိရှေ့တန်းတစ်လျှောက် အပစ်အခတ်ရပ်စဲရေးနှင့် ဥရောပတပ်များက လုံခြုံရေးစောင့်ကြည့်နေသည့် ၁၃၀၀ ကီလိုမီတာ (မိုင် ၈၀၀) စစ်မဲ့ဇုန် ထူထောင်ရေး တို့ပါဝင်နိုင်သည်။ ထို့အပြင် ယူကရိန်းသည် ၎င်း၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်များကို အနည်းဆုံး အနှစ် ၂၀ ရွှေ့ဆိုင်းရန် သဘောတူညီခဲ့ကြောင်းသိရသည်။
ရုရှားကလည်း ယူကရိန်းပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် ထုတ်ပြန်လာမည့် ထရမ့်၏ ညှိနှိုင်းရေးသဘောတူညီချက်များအပေါ် သုံးသပ်၍ စဉ်းစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား-RT