အမေရိကန်မှ ပြည်နှင်ဒဏ်ခံရသူများ တင်ဆောင်လာသည့် လေယာဉ် မက္ကဆီကို ဆင်းသက်ခွင့်မပြု
ဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်မှ ပြည်နှင်ဒဏ်ခံရသူများ တင်ဆောင်လာသည့် စစ်လေယာဉ်ကို ၎င်း၏ ပိုင်နက်အတွင်းဆင်းသက်ခွင့်ကို မက္ကဆီကိုက ငြင်းဆန်ခဲ့သည်ဟု Reuter သတင်းဌာနက ဇန်နဝါရီ ၂၄ ရက်နေ့တွင်ဖော်ပြခဲ့သည်။
ထရမ့်က အမေရိကန်တောင်ပိုင်းနယ်စပ်ဒေသများတွင် အရေးပေါ်အခြေအနေကြေညာကာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မက္ကဆီကိုမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင်လာသည့် အမေရိကန်စစ်ဘက်လေယာဉ် C 17 ကို မက္ကဆီကိုမှ ဆင်းသက်ခွင့်မပြုခဲ့ခြင်းဖြစ်သည်။
ထိုနေ့တွင်ပင် ဂွာတီမာလာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၈၀ ခန့်ကိုလည်း ပြန်လည်ပို့ဆောင်ခဲ့သည်။
မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက လေယာဉ်ဆင်းသက်ခွင့်မပြုခြင်းနှင့် ပတ်သက်၍ သီးခြားထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ၎င်းတို့နိုင်ငံသည် အမေရိကန်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး ရွှေ့ပြောင်းနေထိုင်သူ ကိစ္စရပ်များအပါအဝင် အခြားကျယ်ပြန့်သောကိစ္စရပ်များကိုလည်း အချုပ်အခြာအာဏာကို လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ နေရပ်ပြန်လာမည့် မက္ကဆီကိုနိုင်ငံသားများကို အမြဲကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ထားပါသည်။
ထရမ့်က မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်းများကို အကြမ်းဖက်အဖွဲ့များအဖြစ်ကြေညာခဲ့ပြီး မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့အဖြစ် အမည်ပြောင်းလဲခဲ့ကာ မက္ကဆီကို သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမည်ဟုလည်း ပြောဆိုထားသည်။
ကိုးကား-RT